စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို အပြစ်မရှိကြောင်း ရှောင်တားနဲလ်ထွက်ဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တားနဲလ် သြဂုတ်လ ၁၁ ရက် မနေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်တဲ့ ဒေါက်တာ ရှောင်တားနဲလ်ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားမှုစွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းအပြီး ငါးရက်အကြာမှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ သူတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ဝင် သုံးဦးကိုလည်း အကျဉ်းထောင်အတွင်းက အထူးတရားရုံးမှာ စစ်ဆေးနေတာပါ။

သြဂုတ်လ ၁၁ ရက်နေ့ ရုံးထုတ်စစ်ဆေးမှုမှာ ဒေါက်တာ ရှောင်တားနဲလ်က သူ့အပေါ် စွဲဆိုထားချက်အားလုံးကို ငြင်းဆိုခဲ့ပြီး၊ အပြစ်မရှိကြောင်း ထုချေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအပါအဝင် ဒီကိစ္စနဲ့ပတ်သက်တဲ့ အမှုတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပြောဆိုဖို့ တားမြစ်ထားတဲ့အတွက် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။

အမည်မဖော်လိုတဲ့ ဥပဒေအရာရှိတစ်ဦးကတော့ ဒေါက်တာ ရှောင်တားနဲလ်နဲ့ တခြားသူအားလုံး ကျန်းမာရေးကောင်းမွန်ကြကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာ့ရုပ်သံကတော့ ဒေါက်တာ ရှောင်တားနဲလ်ဟာ နိုင်ငံ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒေါက်တာ ရှောင်တားနဲလ်ဟာ ထောင်ဒဏ်ခြောက်လကနေ ငါးနှစ်အထိ ချမှတ်နိုင်တဲ့ လူဝင်မှုဆိုင်ရာ ဥပဒေနဲ့လည်း တရားစွဲဆိုခံထားရတာပါ။ လာမယ့်သီတင်းပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာမယ်လို့ သိရပါတယ်။