နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား ပါမောက္ခ ရှောင်တားနဲလ်ကို စစ်ကောင်စီရဲ့ အထူးတရားရုံးကနေ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူဖို့ စွဲချက်တင်ထားတာကို ရုပ်သိမ်းပြီး ချက်ချင်း ပြန်လွှတ် ပေးဖို့ သြစတြေးလျဝန်ကြီးချုပ် Antony Albanese နဲ့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က တောင်းဆိုလိုက်ပါတယ်။
'ရှောင်တားနဲလ်ကို လွှတ်ပေးသင့်တယ်' လို့ ဝန်ကြီးချုပ်က စနေနေ့ ဆစ်ဒနီမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဖက်ဒရယ်အစိုးရဟာ မစ္စတာ ရှောင်တားနဲလ်ကို လွှတ်ပေးဖို့ ဆက်ဖိအားပေးနေကြောင်းနဲ့ ဒါဟာသြစတြေးလျအစိုးရရဲ့ ရပ်တည်ချက်ဖြစ်ပြီး အဲဒီအပေါ်မှာအခြေခံလို့ ခိုင်မာတဲ့ ကိုယ်စားပြုမှုကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း စစ်ကောင်စီဟာ ရှောင်တားနဲလ်ကို စစ်တုရင်နယ်ရုပ်တစ်ရုပ်လိုသုံးပြီး ကစားနေတာလို့ စနေနေ့က ထုတ်ပြန်ထားပါတယ်။