တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး နုတ်ထွက်စာတင်


2018.08.25
ayeyarwaddy-parliament-622.jpg ဧရာတီတိုင်းဒေသကြီး လွှတ်တော် ကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ရဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်စာကို တရားဝင်အသိအမှတ်မပြုသေးကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ က ဒီနေ့ ပြောပါတယ်။

စာကို လူကြုံနဲ့ပို့လာတာ ဖြစ်တဲ့အတွက် တရားဝင်အသိအမှတ်ပြုလို့ မရသေးဘူးလို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

"စာကတော့ ရောက်လာတယ်၊ လူကိုယ်တိုင်လာတာ မဟုတ်သေးဘူးဗျ၊ လူတစ်ယောက်လာပို့တာ ကျနော် မသိတဲ့ လူငယ်တစ်ယောက်ဆိုတော့ ကျနော်တရားဝင် အသိအမှတ်ပြုလို့ မရသေးဘူးလေ၊ သူ့ဟာသူ စိတ်ခံစားချက်အရ ရေးတဲ့သဘောလည်း ဖြစ်နိုင်တာကိုး၊ အဲဒါဆိုတော့ သူနဲ့ လူချင်းတွေ့မှ ကျနော်တို့ ဒီဟာ စကားပြောလို့ရမယ်"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီဗဟိုကို စာတင်ထားတာမရှိကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ပြောပါတယ်။

"တိုင်းအတွင်းမှာ ဖြစ်တဲ့ပြဿနာဆိုတော့ သူနဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်ပါပဲ၊ ကိုယ်စားလှယ် ဦးဌေးအောင် ကနေပြီးတော့ သူ့ကို ပြန်လည်စည်းရုံးဖျောင်းဖျတဲ့အခါမှာ အခုနယ်တွေမှာ အတူတူပြန်ဆင်း နေပါတယ်လို့ ကျနော်တို့ဆီ သတင်းပို့ပါတယ်၊ ကျနော်တို့အခု ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်နေပါတယ်၊ တိုင်းအထက်ကိုတော့ လုံး၀ စာတင်ထားတာ မရှိပါဘူး"

ဒေါ်မြင့်မြင့်စန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်လောက်က နုတ်ထွက်စာ တင်ထားတာဖြစ်ပါတယ်။

နုတ်ထွက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာတော့ အတည်ပြုလို့မရသေးတဲ့အတွက် ပြောလို့မရကြောင်း ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဟာ လွှတ်တော်နဲ့ အစိုးရကို အယုံအကြည် မရှိတာကြောင့် နုတ်ထွက်စာတင်ထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။