ပုဂံဒေသ ​လျှော်ဖြူစိုက်ပျိုးမှု ရှေးဟောင်းသုတေသန လေ့လာသူတွေ ကန့်ကွက်

RFA Burmese
2024.08.21
ပုဂံဒေသ ​လျှော်ဖြူစိုက်ပျိုးမှု ရှေးဟောင်းသုတေသန လေ့လာသူတွေ ကန့်ကွက် မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုဇုန်အတွင်းရှိ ခေမဂ်ခဘုရားစု တောင်ဘက်ရှိ ယာခင်းမှာ လျှော်ဖြူပင်များ စိုက်ပျိုးထားသည်အား တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း ညောင်ဦးမြို့နယ်က ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ပုဂံဒေသက ယာမြေတချို့မှာ လျှော်ဖြူတွေစိုက်ပျိုးနေတာဟာ ဥပဒေနဲ့မညီသလို ရှေးဟောင်းအထောက်အထားတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ရှေးဟောင်းသုတေသန လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာ့အမွေအနှစ်နေရာမှာ ဒေသမျိုးရင်းသီးနှံတွေကိုပဲ စိုက်ပျိုးရမှာဖြစ်ပြီး လျှော်ဖြူလို အပင်ကြီးတွေက ရှေးဟောင်းအထောက်အထားတွေကို ဖျက်ဆီးနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေးဟောင်းသုတေသန လေ့လာသူတစ်ဦးက ပြောပါတယ်။

"ကမ္ဘာ့အမွေအနှစ်နေရာတွေမှာ အစစ်မှန်ဖြစ်မှု (Authenticity) ရှိရပါမယ်။ ဒေသမျိုးရင်းသီးနှံအပင်များသာ စိုက်ပျိုးရပါမယ်။ လျှော်ဖြူလိုအပင်ကြီး အမြစ်ရှည်မျိုးက မြေအောက်မှာရှိနေတဲ့ ရှေးဟောင်းသုတေသနအထောက်အထား (Subsurface Archaeology) ကိုဖျက်ဆီးပါမယ်။ မြေပေါ်မှာရှိတဲ့ ဘုရားပုထိုးများရဲ့မြင်ကွင်းကို ကွယ်စေပါမယ်။ ပုဂံရဲ့ ယဉ်ကျေးမှုအလှကို (Cultural landscape) ပျက်စီးစေပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေနှစ်ဖြစ်သတ်မှတ်ဖို့လျှောက်လွှာစာတွဲ တင်စဉ်ကတည်းက Integrated management plan လို့ခေါ်တဲ့ ဘက်စုံလွှမ်းခြုံစီမံခန့်ခွဲရေးအစီအစဉ်ကို ကျင့်သုံးပါမယ်လို့ အစိုးရက ကတိပြုထားရပါတယ်"

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပုဂံယဉ်ကျေးမှုအလှကို ထိန်းသိမ်းဖို့၊ မြေပေါ်မြေအောက်အမွေအနှစ်တွေ မပျက်စီးစေဖို့အတွက် ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်းက ယာမြေတွေကို အခြားမြေအဖြစ်ပြောင်းလဲခွင့် မပြုရဘူးလို့ ပြဌာန်းထားတယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ရှေးဟောင်းအမွေအနှစ်ဒေသများကာကွယ်စောင့်ရှောက်ရေးဥပဒေမှာလည်း ကမ္ဘာ့အမွေအနှစ်ဒေသတွေကို Management Plan မှာပါတဲ့အတိုင်း စီမံခန့်ခွဲရမယ်ဆိုတာ ပါဝင်တယ်လို့လည်း ရှေးဟောင်းသုတေသန လေ့လာသူက ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်းက ယာမြေတွေကို ဒေသမျိုးရင်း သီးနှံဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စတာတွေကိုသာ စိုက်ပျိုးဖို့သတ်မှတ်ထားပြီး အခုနောက်ပိုင်း တချို့ယာတွေကို ရောင်းချကာ ဥယျာဉ်မြေပုံစံပြောင်းပြီး လျှော်ဖြူပင်တွေ စိုက်ပျိုးလာတယ်လို့လည်း ဆိုပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ လျှော်ဖြူတွေစိုက်ပျိုးခွင့်ပြုထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပုဂံရှေးဟောင်း သုတေသနဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသဟာ ၂၀၁၉ ခုနှစ် ဇူလိုင်မှာ ကမ္ဘာ့အမွေနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။