ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေ ၃ စီးနဲ့ လူ ၁၂ ယောက်ကို မနေ့ညက ရေတပ်က ဖမ်းဆီးမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို အတည်ပြုပြောပါတယ်။
ရေတပ်က ကင်းလှည့်သွားစဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အစပ် ကိုးတန် ကောက်ကျေးရွာရဲ့ အနောက်ဘက် ရေမိုင် ၂.၆ မှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ စက်လှေတွေဟာ အလျား ၁၈ ပေ၊ အနံ ၁၀ ပေကျယ်တဲ့ ငါးဖမ်းစက်လှေတွေ ဖြစ်ပါတယ်။
ဖမ်းဆီးမိတဲ့အမျိုးသား ၁၂ ဦးဟာ မြန်မာ့ရေပိုင်နက်ထဲကို တရားမဝင်လာရောက် ငါးဖမ်းကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ဖမ်းဆီးမိသူတွေကို မောင်တောမြို့နယ်၊ အင်းဒင်နယ်မြေရဲစခန်းမှာ ဒီနေ့စစ်ဆေးနေတယ်လို့ အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး ကပြောပါတယ်။
“စက်လှေ ၃ စီးကို တရားမဝင် ငါးဖမ်းလို့ ရေတပ်ကနေ ဖမ်းတယ်လို့ ကျနော်တို့ အကြမ်းဖျင်းသိရတယ်။ သူတို့ကို အင်းဒင်နယ်မြေရဲစခန်းခေါ်ပြီး စစ်ဆေးနေတယ်။ လူက ၁၂ ယောက် စက်လှေက ၃ စီးပါ။”
ဖမ်းဆီးမိတဲ့ နိုင်ငံခြားသား တရားမဝင် ငါးဖမ်းသမားတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ တပ်မတော်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားတယ်လို့ ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မနေ့ညက စက်လှေတွေကို ဖမ်းဆီးမိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပြပါတယ်။
“ဖမ်းမိတယ်ဆိုတာက ရေတပ်က ဖမ်းမိတာ။ ကျနော်တို့ကတော့ ကျနော်တို့ရေပိုင်နက်ထဲမှာ ကင်းလှည့်တယ်။ တွေ့တယ်။ဖမ်းတယ်။ ပြီးတာနဲ့ ရဲကိုအပ်လိုက်တယ်။ ရဲကတော့ ဘယ်လိုအမှုဖွင့်မလဲမသိဘူးဗျ။ ကျနော်တို့ ရေပိုင်နက်ကို ကျူးကျော်ပြီး ရောက်လာတယ်လေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေခင်ဗျ။”
ဖမ်းဆီးရမိသူတွေကို ရဲဘက်က ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ဆောင်ရွက်နေသလဲဆိုတာသိနိုင်ဖို့ RFA က အင်းဒင်နယ်မြေရဲစခန်းက စခန်းမှူးဗိုလ်ကြီး အေးမင်းထွန်းကို ဆက်သွယ်မေးမြန်းပေမယ့် အလုပ်များနေတာကြောင့် မဖြေကြားနိုင်သေးကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ကြည်လင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတာက
“လောလောဆယ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ဆီကို မလွှဲသေးဘူးခင်ဗျ။ ကျနော်တို့ မကြားသေးဘူးခင်ဗျ။”
ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်တပ်က ရဲမှူးချုပ်မြင့်တိုး ကိုလည်း RFA က ဆက်သွယ် မေးမြန်းနေပေမယ့် တိုက ရိုက်ဖုန်း အဆက်အသွယ်မရသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။