ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလက ရိုဟင်ဂျာအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် မိုဟစ်အူလာ (Mohib Ullah) လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ရိုဟင်ဂျာ ၂၉ ယောက်ကို လူသတ်မှုနဲ့ ရုံးတင်တရားစွဲလိုက်ပြီလို့ ရှေ့နေတစ်ယောက်က ပြောတဲ့အကြောင်း မနေ့ကထုတ်တဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအမှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာ ပြီးပြီဖြစ်လို့ ရုံးတင်တရားစွဲလိုက်တာလို့ ရှေ့နေ ဖာရီဒူလ် အာလမ် ကပြောပါတယ်။
အဲဒီ ၂၉ ယောက်ထဲက ၁၅ ယောက်ကို ဖမ်းမိထားပြီး ကျန်တဲ့ ၁၄ ယောက်က ထွက်ပြေးလွတ်မြောက်နေသေးတယ်လို့ ဆိုပါတယ်။ မိုဟစ်အူလာကို အာဆာအဖွဲ့က လုပ်ကြံသတ်ဖြတ်တာလို့ မိသားစုက ယုံကြည်ထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ အာဆာအဖွဲ့က တာဝန်ရှိတယ်လို့ တိုက်ရိုက်ပြောဆိုတာမရှိဘူးလို့ ရှေ့နေက ပြောပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဆန့်ကျင်တဲ့သူတွေက သတ်ဖြတ်လိုက်တာဖြစ်ပြီး အခုဖမ်းဆီးမိထားတဲ့သူတွေထဲမှာ အာဆာအဖွဲ့ဝင်တချို့လည်း ပါတယ်လို့ ဆိုပါတယ်။ အာဆာအဖွဲ့ကတော့ ဒီသတ်ဖြတ်မှုက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာဟောင်းတစ်ယောက်ဖြစ်တဲ့ မိုဟစ်အူလာဟာ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ ၂၀၁၇ ခုနှစ်၊ နှစ်နှစ်ပြည့်ဆန္ဒပြပွဲကို လူတစ်သိန်းလောက်ပါဝင်အောင် စည်းရုံးခဲ့သလို အဲဒီအချိန်က တာဝန်ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂမှာလည်း ရိုဟင်ဂျာအကြောင်း တက်ရောက်ပြောဆိုခွင့်ရခဲ့ပါတယ်။
မိုဟစ်အူလာ လုပ်ကြံခံရပြီးနောက်မှာ သူ့မိသားစုဟာ ကုလသမဂ္ဂရဲ့စောင့်ရှောက်မှုနဲ့ ကနေဒါနိုင်ငံကို ပြောင်းရွှေ့အခြေချခွင့်ရခဲ့ပါတယ်။