၂၀၀၆ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို ဦးဆောင်မည်
2024.08.07
ကြားဖြတ်အစိုးရကိုဦးဆောင်မယ့် အသက် ၈၄ နှစ်ရွယ် စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ် ပြင်သစ်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သြဂုတ် ၇ ရက်မှာ လေကြောင်းက ပြန်လာပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အိန္ဒိယကို ထွက်ပြေးရတဲ့အထိ နိုင်ငံအုံကြွမှုကို ဦးဆောင်တဲ့ကျောင်းသားတွေက သူ့ကို ကြားဖြတ် အစိုးရခေါင်းဆောင် အဖြစ်ခန့်အပ်ဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။
သူဟာ သာမန်ပြည်သူတွေကို အသေးစားချေးငွေထုတ်ပေးပြီး ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် Grameen ဘဏ်ထူထောင်သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ရှိတ်ဟာစီနာရဲ့ အရိုက်အရာကို ဆက်ခံပြီး အစိုးရသစ်အဖွဲ့ ကျမ်းသစ္စာ မကျိန်ဆိုမှီ တစ်ရက်အလိုမှာ ဆေးဝါးကုသနေတဲ့ ပြင်သစ်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ဘက်ခေါင်းဆောင်တွေဟာ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ သမ္မတ မိုဟာမက် ရှာဟာဘူဒင်တို့နဲ့ ဆွေးနွေးကြောင်းနဲ့ မိုဟာမက်ယူနွတ်ဟာ တိုင်းပြည် ဒီမိုကရေစီရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း စစ်ဦးစီးချုပ်က ပြောပါတယ်။ ရှိတ်ဟာစီနာလက်ထက်မှာ မိုဟာမက်ယူနွတ်ဟာ အမှုပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်။