ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပို့တော့မည်

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကို မကြာခင်ပြန်ပို့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ် (Hasan Mahmud) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့က ပထမဦးစားပေးအစီအစဉ်ဖြစ်ပြီး သူတို့ကို မကြာခင်ပြန်ပို့ဖို့ နှစ်နိုင်ငံစလုံးက ဆန္ဒရှိကြတယ်လို့ ဒက္ကားမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ဝန်ကြီးက ပြေားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်အမျိုးသား သတင်းဌာန (BSS) က ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကလည်း ဒီတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ချင်ပြီး ဒီကိစ္စဆောင်ရွက်နေတဲ့အကြောင်း၊ လုံခြုံရေးအရ သူတို့ကိုပြန်ပို့မဲ့ရက်အတိအကျကို မပြောကြားလိုတဲ့အကြောင်း၊ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာကို အချိန်နဲ့တစ်ပြေးညီ မီဒီယာတွေကို အသိပေးတဲ့အကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးကို လာထိခိုက်မှာ မလိုလားတဲ့အကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီသံအမတ်ကို ဒက္ကားကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာ တစ်သန်းနှစ်သိန်းကျော်ကို လက်ခံထားပြီး ဒီလူတွေရှိနေတာကြောင့် လုံခြုံရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှုစတဲ့ ဆင့်ပွားပြဿနာတွေကို သူ့နိုင်ငံက ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ရန်ကုန်ကို ယာယီရွှေ့ပြောင်းထားတယ်လို့လည်း ပြောခဲ့ပါတယ်။