နယ်ခြားစောင့်လုံခြုံရေးစခန်းပစ်ခတ်ခံရ၊ သုံးဦးဒဏ်ရာရ

0:00 / 0:00

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီးက နယ်ခြားစောင့် လုံခြုံရေး စခန်းတစ်ခုကို ဒီနေ့မနက်က ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းမှာရှိတဲ့ အမည်မသိလက်နက်ကိုင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ခြမ်းနေရာ ၃ ခုကနေ တပြိုင်တည်းပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့ကလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က RFA ကို ပြောပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှတာဝန်ရှိသူတွေထံ မြန်မာဘက်က ကန့်ကွက်စာပေးပို့သွားမယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့အမည်ကိုတော့ မသိရသေးဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ဒီနေ့ နေ့လယ်ကပြောပါတယ်။

"တိုက်ပွဲဆိုတော့ အများကြီးထင်နေလိမ့်မယ်၊ မဟုတ်ပါဘူးခင်ဗျ။ နှောင့်ယှက်ပစ်တာမျိုးပေါ့၊ တိုက်ပွဲတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ရဲကင်းစခန်းလေးတွေရှိတယ်လေ။ နယ်ခြားကိုစောင့်တဲ့ ရဲကင်း စခန်းလေးတွေကို လာပစ်သွားတာ။ ဘယ်နားလဲဆိုတော့ ကျွန်တော်တို့ မြန်မာနဲ့ဘင်္ဂလားဒေ့ရ်ှနယ်စပ် ဘီပီ ၄၁ ဝန်းကျင်တဝိုက်မှာပါ။ ဘင်္ဂလားဒေ့ရ်ှဘက်ကနေ လှမ်းပစ်တာပါခင်ဗျ။ လက်နက်ငယ် တကမ်းစာလောက်ကနေ လှမ်းပစ်တာပါ။ ဟိုဘက်ကဆိုတော့လည်း အကြမ်းဖက်အဖွဲ့လို့တော့ ကျွန်တော်တို့က လောလောဆယ် သတ်မှတ်ထားပါတယ်။ ဘယ်အဖွဲ့ဘာညာဆိုတာကတော့ သူတို့က ဟိုဘက်ကဆိုတော့ ကျွန်တော်တို့က လိုက်ကြည့်လို့မှမရတာ"

တဘက်နိုင်ငံဘက်ခြမ်းက လက်နက်ကိုင်တွေက မြန်မာနယ်ခြားစောင့်လုံခြုံရေးစခန်းကို နေရာသုံးခုကနေ လှမ်းပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ တပ်မတော်အင်ဂျင်နီယာတပ်က လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာအချို့ရတာတွေရခဲ့တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အခုလိုပြောပါတယ်။

"ကျွန်တော်သိရတာကတော့ ကျွန်တော်တို့ရဲ့စခန်းကို ဟိုဘက်က သုံးဖက်သုံးတန်ကနေ ဝိုင်းပစ်တယ် လို့ပြောတယ်။ သုံးဖက်သုံးတန်ဝိုင်းပြီးတော့ ပစ်တဲ့အခါမှာ နယ်စပ်ခြံစည်းရိုးဘက်ကနေ နှစ်ဖက်၊ တောင်ပေါ် ကနေ တဖက်လို့သိရတယ်။ ဘယ်သူပစ်တယ်ဆိုတာကတော့ စီစစ်ဆဲပဲလို့ ဒီမနက်ကသိရတယ်။ နောက်ဆက် တွဲတော့ မရသေးဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တာလို့ပြောတယ် ဟိုဘက်က ရန်သူဘက်ကလေ။ အလုံး ၂၀ လောက်ပစ်တော့ အဲဒီမှာကျတဲ့ဟာက ပေါက်ကွဲတော့ လက်နက်ကြီး အစတွေမှန်တော့ ကျွန်တော်တို့ဘက်က ရဲဘော်နှစ်ယောက်နဲ့ ဂျီအီး(တပ်မတော်အင်ဂျင်နီယာ)ကတစ်ယောက် စုစုပေါင်း ၃ ယောက် လက်နက်ကျည် အစတွေမှန်တယ်လို့သိရပါတယ်။ မစိုးရိမ်ရဘူးလို့လည်းသိရတယ်"

ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ လူနေထိုင်တဲ့ကျေးရွာတွေမရှိပါဘူး။

အဲဒီနေရာနဲ့ ၅ မိုင်ခန့်လောက်သာဝေးပြီး အနီးဆုံးလို့ပြောရမယ့် ဝေလာတောင်ကျေးရွာကတော့ ဒီနေ့မနက်က ပစ်ခတ်သံတွေကို အထင်အရှားကြားခဲ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။

ကျေးရွာလုံခြုံရေးအတွက် သတိနဲ့စည်းစည်းလုံးလုံးရှိကြဖို့ ပြောဆိုထားတယ်လို့ ဝေလာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံလှမောင်ကပြောပါတယ်။

”ကျေးရွာသားတွေကတော့ ဒီလိုဖြစ်လာတဲ့အပေါ်မူတည်ပြီးတော့ ကြောက်ရွံ့ပြီးတော့ မနေဝံ့တဲ့အနေ အထားဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်ကလူတွေရဲ့ အားကိုးနဲ့နေနေရတာဆိုတော့ အားငယ်တာပေါ့။ ပုန်းတဲ့သူတွေပုန်း၊ ထွက်ပြေးပြီးရှောင်တဲ့သူတွေလည်းရှိတယ်။ အခုလောလောဆယ်တော့ ငြိမ်နေပါပြီခင်ဗျ။ အသံဗလံတွေ မကြားရတော့ဘူး။ ကျွန်တော်ကတော့ မကြောက်ကြနဲ့၊ တပ်မတော် နဲ့ပြည်သူတွေလည်းရှိတယ်၊ တစည်းတလုံးတည်းနေကြလို့ ကျွန်တော်ကတော့ ပြောထားပါတယ်ခင်ဗျ"

မြို့နဲ့အလှမ်းဝေးတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းကကျေးရွာတွေရဲ့ လုံခြုံရေးကို ပိုပြီးအားဖြည့်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို အရင်ကတည်းကတင်ပြတာတွေရှိခဲ့သလို ဒီနေ့မနက်ကဖြစ်စဉ်ကြောင့်လည်း ဒေသခံတွေရဲ့ လုံခြုံရေးကို ပိုမိုဆောင်ရွက်နိုင်အောင်တင်ပြဖို့ စီစဉ်နေကြတယ်လို့လည်း ဝေလာတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်မှာ မြန်မာဘက်ခြမ်းကို ပစ်ခတ်တဲ့ ဖြစ်စဉ်ဟာ အရင်ကလည်းရှိခဲ့ဖူးပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနယ်ခြားတာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရ်ှဘက်ကို ကန့်ကွက်စာပို့ တာတွေအပြင် နယ်စပ်မှာ နှစ်ဘက်အာဏာပိုင်တွေနဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးတွေ ပြုလုပ်ကြရမှာ အဲဒီကိစ္စအပေါ် ဆွေးနွေးတာတွေလည်းရှိခဲ့တတယ်လို့ သိရပါတယ်။

ဒီနေ့မနက်က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ကန့်ကွက်စာပေးပို့သွားဖို့ရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုဆက်ပြောပါတယ်။

"ကျွန်တော်တို့ကတော့ လောလောဆယ် အဲဒါကိုဘာမှမလုပ်သေးဘူးခင်ဗျ။ ဟိုအရင်တုန်းကဆိုရင်တော့ ကျွန်တော်တို့က ကန့်ကွက်စာပို့တာပေါ့။ ဒီနယ်ခြားစောင့်တပ်ကနေပြီးတော့ ဟိုဘက်က ဘင်္ဂလားဒေ့ရ်ှဘက်ကို ကန့်ကွက်စာပို့တာပေါ့။ အခုလည်း အရင်တုန်းကလို ကန့်ကွက်စာပို့မှာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် နယ်စပ်မှတ်တိုင်အမှတ်-ဘီပီ ၅၆ မှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ လုံခြုံရေး ကားတစ်စီးကို မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်းကျေးရွာအနီးမှာ အာဆာအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။