မြဝတီ သုံးထပ်ကွေ့တိုက်ပွဲ တစ်လခွဲကျော်တဲ့အထိ ဆက်ပြင်းထန်နေ

2022.08.24
မြဝတီ သုံးထပ်ကွေ့တိုက်ပွဲ တစ်လခွဲကျော်တဲ့အထိ ဆက်ပြင်းထန်နေ Cobra စစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: Cobra Column

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်နေတာ တစ်လကျော်ကြာလာပြီဖြစ်ပေမယ့် ဒီနေ့အထိ ဆက်ပြီးပြင်းထန်နေပါတယ်။

အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ခြေမြန်တပ်ရင်း ခြောက်ခုအပြင် လေကြောင်းပါသုံးပြီး တိုက်ခိုက်နေပေမယ့် အခုထိ ထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဒေသဟာ စစ်ကောင်စီတပ်အတွက် စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်လို့ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ဥကရစ်ထပြီးတော့ သုံးထပ်ကွေ့တိုက်ပွဲဖြစ်တာ။ ချနေတုန်း။ အဲဒါရရင် သူတို့ထိန်းချုပ်နိုင်ပြီ။ စစ်ကောင်စီက တစ်လကျော်၊ နှစ်လလောက်အထိ မသိမ်းနိုင်သေး။ အဲဒီနေရာက သူတို့အတွက် လက်နက်၊ ထောက်ပို့လုပ်ဖို့ အဆင်ပြေတယ်"

ဇူလိုင် ၇ ရက်နေ့ကနေ တိုက်ပွဲစဖြစ်နေတာဖြစ်ပြီး ဩဂုတ် ၂၃ ရက် မနေ့ကအထိ ၁၆ ကြိမ် စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ခြေမြန်တပ်ရင်း ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁)၊ ခမရ (၁၁၈)၊ ခမရ(၂) တို့ကို သုံးခဲ့ပြီး (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြောက်တွေနဲ့ အတွဲလိုက်ပစ်ဒုံးစနစ် MLRS တွေနဲ့ ပစ်ခဲ့တယ်လို့ Cobra စစ်ကြောင်းဘက်က ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ရှစ်ကြိမ်တိုင်တိုင် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ရုရှားနိုင်ငံထုတ် အပေါ့စားတိုက်လေယာဉ် YAK-130 အပါအဝင် တိုက်လေယာဉ်ပေါင်း ၁၃ စင်း၊ ကလက်စတာ ဗုံးတွေ၊ ပေါင် (၅၀၀) ဗုံးတွေ အသုံးပြုခဲ့တယ်လို့လည်း Cobra စစ်ကြောင်းကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ဘာမှထုတ်ပြန်တာ မရှိသေးသလို RFA ကလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

တစ်လခွဲကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၉ ဦး၊ Cobra စစ်ကြောင်းက ၃ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Cobra စစ်ကြောင်းက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။