လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.07.25
ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
KNDF ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်က မင်္ဂလာ(ပိုးစာခြံ)၊ ဈေးပိုင်း၊ မိုင်းလုံး၊ ဒေါဥခူနဲ့ သန်ကန်းရပ်ကွက် အနီးကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
"စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နေ့စဉ်လိုလိုတိုက်ပွဲက ရှိနေပါတယ်။ တစ်ခါတလေလည်း ပြင်းထန်ပေမဲ့ တစ်ခါတလေလည်း ဒီအတိုင်း ထိတွေ့တိုက်ပွဲပဲပေါ့။ မနေ့ကစပြီး ပိုပြင်းထန်လာတယ်လို့ ပြောလို့ရတယ်။ လက်နက်ကြီးတွေလည်း မရပ်မနား ပစ်နေတယ်။ နေအိမ်တချို့လည်း မီးရှို့ခံထားရတာတွေ ရှိတယ်"
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က အင်အား ရှစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းလေးခုဖြန့်ပြီး ဝင်ရောက်ဖို့ ကြိုးစားလာတာလို့ သူက ပြောပါတယ်။
လက်ရှိအချိန်အထိ ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို လက်လွှတ်ရတာမျိုး မရှိဘဲ ပြန်လည် ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကာယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ လွိုင်ကော်အပါအဝင်)၊ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၆၁) ၊ ခလရ (၂၅၀) နဲ့ ခလရ (၅၄) ၊ အမြှာက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မတော်ဆေးရုံ (တဆရ - အမှတ် ၇)၊ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ခွဲ(ထပခ -၇၂၂) တို့ ရှိပါတယ်။