မြိုင်က နှစ်ရက်တာတိုက်ပွဲမှာ PDF ခြောက်ဦးသေဆုံး၊ နေအိမ် အလုံး ၁၂ဝ ကျော်မီးရှို့ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နှစ်ရက်တာတိုက်ပွဲအတွင်း PDF အဖွဲ့တွေဘက်က ခြောက်ဦးသေဆုံးသွားတယ်လို့ PDF ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က မြိုင်မြို့နယ် သဒွတ်ရွာ အနောက်ဘက်မှာ စစ်တပ်အင်အား ၁ဝဝ ကျော်နဲ့ PDF တွေကြား မိနစ် ၄ဝ ကြာ တိုက်ပွဲစဖြစ်ခဲ့ပြီး၊ နောက်တစ်ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာလို့ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ (Myaing's Hero Generation)က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမိုက်တီးက ပြောပါတယ်။

"ကျနော်တို့ ကင်းပုန်းနဲ့ စစ်ကြောင်းလာတာနဲ့ ဒဲ့သွားတိုးတဲ့အခါကျတော့ အဲ့မှာ ပွဲစဖြစ်ကြတာဗျ။ အဲ့ဒီနေ့ပြီးတော့ ၂၃ ရက်နေ့မှာ တပ်ပေါင်းစုတွေနဲ့ သဒွတ်ရဲ့တောင်ဘက်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီလောက်အထိ ဖြစ်တယ်။ အဲ့ဒီနေ့မှာ ကျနော်တို့ဘက်က အကျအဆုံးလည်း ရှိတယ်ဗျ။ ကျနော်တို့ မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်ခြောက်ယောက် ကျဆုံးပြီးတော့ ခုနှစ်ယောက်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်ဗျ။"

အဲ့ဒီတိုက်ပွဲတွေမှာ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ PDF နဲ့အတူ PDF တပ်ခွဲ ၁ (101)၊ တပ်ခွဲ ၂ (God of Myaing)နဲ့ အခြားမဟာမိတ် PDF တပ်တွေဖြစ်တဲ့ ပုလဲတပ်ရင်း (၁)နဲ့ (၂)၊ ပေါက် - မြိုင်တပ်ပေါင်းစုနဲ့ 7stars PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

299664165_155258443822206_7877623649178060695_n.jpg
မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ကျေးရွာအတွင်းက မီးလောင်ကျွမ်းနေသည့် နေအိမ်တချို့ကို ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Myaing's Hero Generations PDF)

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိပြီး အလောင်းတွေကို ရွာတွေထဲမှာ မြှုပ်ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက်ကိုတော့ မပြောနိုင်ပါဘူး။

တိုက်ပွဲဖြစ်တဲ့နေ့က စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်လာချိန်မှာ PDF တပ်သားတွေ ရွာကို စွန့်ခွာခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ရွာသုံးရွာက လူနေအိမ် အလုံး ၁၂ဝ ကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ည ၇ နာရီလောက်မှာ မီးစရှို့တာပဲ။ သဒွတ်က အရှေ့ရွာ၊ အနောက်ရွာပေါ့။ အနောက်ရွာက ၁၉ လုံး အရှို့ခံရပြီးတော့ အရှေ့ရွာက ၄၉ လုံးဗျ။ ပေါက်ခေါင်းက ကျနော်တို့ရွာ ၅၂ လုံး စုစုပေါင်း အဲဒီလောက် မီးရှို့ခံလိုက်တယ်"

သဒွတ်ရွာက အိမ်ခြေ ၃၃၀ ဝန်းကျင်နဲ့ ပေါက်ခေါင်းရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး သဒွတ်၊ ပေါက်ခေါင်း အပါအဝင် ရွာပေါင်း ငါးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။