ဖယ်ခုံမှာ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ ရွာရှစ်ရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရှမ်းနဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်ကနေစလို့ စစ်ကောင်စီ နဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့အထိဆိုရင် တိုက်ပွဲတွေဖြစ်နေတာ ၄ ရက်ဆက်တိုက် ရှိနေပြီဖြစ်ပြီးတော့ အဲဒီအနီးနား ရွာပေါင်း ၈ ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ အကူအညီ ပေးနေသူ တွေက ပြောပါတယ်။

လေးရက်အတွင်းမှာ စစ်ပြေး ဒုက္ခသည် ငါးထောင်နီးပါး ရှိလာတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့လည်း ဖယ်ခုံအခြေ စိုက် ခလရ ၄၂၁ တပ်ရင်းနဲ့ ဖယ်ခုံ ဒေသခံ PDF တပ်ဖွဲ့တွေကြား ပစ်ခတ်ခဲ့ကြတယ် လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဖောင်းရယ် စေတီကုန်းမှာ တပ်တွေက၊ တပ်စွဲနေတယ်။ အခုက ပြန်လည်ပစ်ခတ်မှုက စနေပြီ ဖယ်ခုံ ဘက်ကနေ လက်နက်ကြီး လှမ်းထုနေပြီ အခု။ တောက်လျှောက်ဖြစ်နေတာ သုံးရက်၊ လေးရက်၊ ငါးရက်မှာ တစ်ရက်မှ တစ်ရက်မှမနားဘူး နေ့တိုင်းနေ့တိုင်း ပစ်နေတယ်။ အဲခါကျတော့ ဒီအနီးနားမှာ ဘယ်နှစ်ရွာ ရှိလဲဆိုရင် ပြည်သူလူထု လေးရွာ အကုန်လုံး ရွှေ့ပြောင်းလိုက်ရပြီ။ အခု ဖယ်ခုံမြို့ထဲမှာ ပစ်နေပြီ ခလရ ၄၂၁ ရှိတယ် အဲတပ်ထဲ ဝင်ပစ်နေပြီ ခေါင်အိဘက်မှာလည်း လက်နက်ကြီးတွေနဲ့ စပစ်နေကြပြီ”

ဖယ်ခုံမြို့နယ်ထဲက လွယ်ဟွဲ၊ စက်တော်၊ ခေါင်အိ၊ လွယ်လုံ ကျေးရွာလေးရွာ အပါအဝင် အနီး တစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ ကုန်းဆုံ၊ လွယ်ပါသာ၊ ပူချယ်နဲ့ ကသဲကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။

မနေ့ညက စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ စက်တော်ရွာနဲ့ ခေါင်အိရွာတွေထဲ ကျပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါအပြင့် စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စက်တော်ရွာ အရှေ့ဘက် တောင်ကုန်းပေါ်က စေတီတစ်ဆူကို ထိမှန်ခဲ့ပြီး အဲဒီစေတီ လုံးဝပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒေသခံတွေဟာ တိုက်ပွဲတွေ မဖြစ်သေးတဲ့ ကျေးရွာတွေမှာ သွားရောက် စုပေါင်းနေထိုင်နေကြရတာပါ။ ဒါပေမဲ့ စစ်မျက်နှာ ပိုကျယ်လာတာကြောင့် စစ်ဘေးဒုက္ခသည်တွေ လက်ရှိ ခိုလှုံနေရတဲ့ရွာတွေပါ အားလုံးထွက်ပြေးရမယ့် အနေအထားဖြစ်လာနေတယ်လို့ ဒုက္ခသည်တွေကို ကူညီ ပေးနေသူတွေက ပြောပါတယ်။

"ရိက္ခာခြောက်တွေက ပြတ်သလောက်နီးပါးတော့ ဖြစ်လောက်ပြီ။ ဆန်တွေကလည်း သိပ်မသေချာတော့ဘူး"

ထွက်ပြေးလာရတဲ့ ဒေသခံတွေက တဖြည်းဖြည်း များလာတာမို့ သူတို့အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

“ကျနော်တို့စစ်ရှောင်အတွက် အရင်တစ်ခေါက်ကကျန်တာလည်းရှိတယ်ပေါ့နော်။ ရိက္ခာခြောက်တွေက ပြတ်သလောက်နီးပါးတော့ ဖြစ်လောက်ပြီ။ ဆန်တွေကလည်း သိပ်မသေချာတော့ဘူး။ စပါးရိတ်ချိန်လည်း မရိတ်နိုင်တော့ ဆန်တွေလည်း ရေရှည်ဆိုရင်တော့ တစ်ပတ်၊ နှစ်ပတ်လောက်ဆိုရင်လည်း ပြတ်လောက်ပြီ အဲဒါကြောင့်မို့လေ။ ရိက္ခာခြောက်တွေလည်း အဆင်ပြေသလို ဝေငှစားရတယ်ပေါ့နော်။ ကူညီချင်တဲ့အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုရင် ကျနော်တို့ ချိတ်ပြီးတော့ ပို့ပေးတယ်ပေါ့နော်”

စစ်တပ်ဘက်က ထိုးစစ်ဆင်တဲ့နေရာမှာ လက်နက်ကြီးအင်အား အလွန်အကျွံ သုံးစွဲပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အပြင် အနီးအနားရွာတွေထဲ ဝင်ရောက်ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တွေလည်းရှိခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်ကတော့ လက်နက်အင်အားမျှတာကြောင့် ပြောက်ကျားနည်းနဲ့ ချုံခိုတိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ PDF ပူးပေါင်းတပ်တွေဘက်က တစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ကကတော့ ၃၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လွယ်ဟွဲရွာထဲက အသက် ၇၀ ကျော် အဖွားအို တစ်ဦး သေဆုံး ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

destroyed-house-pekon.jpg
၂၀၂၁၊ နိုဝင်ဘာ ၅ ရက်နေ့ည စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဖယ်ခုံမြို့နယ်ထဲက နေအိမ်တစ်လုံးကို တွေ့ရစဉ် (Photo: CJ)

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ဒေသကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ ဖြစ်ချိန်မှာ ဖယ်ခုံမြို့နယ် ကသဲရွာသား ၁၉ ဦးကို စစ်ကောင်စီဘက်က လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ် လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ပြောဆိုထားပါတယ်။

ကယားပြည်နယ်ထဲက တိုက်ပွဲအခြေအနေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို စစ်ကောင်စီက သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ် ခဲ့ပေမယ့် လတ်တလော ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကရင်နီလူ့ အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ ဒါရိုက်တာ ဦးဗညားကတော့ ဒီ ကယားပြည်နယ်ထဲမှာ ခုလို စစ်ရေးပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ မြေစာပင်ဖြစ်ကြရပြီး အနာဂတ် ပြည်နယ်အတွက်၊ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"ဒီပဋိပက္ခကြားမှာ အများစုက ကလေးသူငယ်တွေက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောမှာ ကုသပေးဖို့ အားနည်းသွားရင် ဒီကလေးတွေအတွက် အာဟာရတွေ ချို့တဲ့မယ်၊ ကျန်းမာရေးတွေ ချို့တဲ့မယ်ဆိုရင် လူစဉ်မီသော အနာဂတ်လူငယ်တွေ မဟုတ်တော့ဘဲ ချိနဲ့တဲ့လူတွေ ဖြစ်လာမယ်ဆိုရင် ကိုယ့်ပြည်နယ်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူးပေါ့နော်’’

ကယားပြည်နယ်ထဲမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံ (PDF)၊ မိုးဗြဲ (PDF)၊ ဒီးမော့ဆို (PDF)၊ လွိုင်ကော် (PDF)၊ KGZ အဖွဲ့နဲ့ အလယ်ပိုင်းတိုင်း တိုက်ခိုက်ရေး တပ်ဖွဲ့တွေ တစ်စုတည်းပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။