တိုက်ပွဲကြောင့် ဘောလခဲမြို့ခံတွေ နေရပ်ရွှေ့ပြောင်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြော

RFA Burmese
2025.02.03
တိုက်ပွဲကြောင့် ဘောလခဲမြို့ခံတွေ နေရပ်ရွှေ့ပြောင်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြော လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တွေ့ရစဉ်⁩။
Citizen Photo

ကယားပြည်နယ် (ကရင်နီ)၊ ဘောလခဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် မြို့ခံတွေအနေနဲ့ ဆယ်ရက်အတွင်း နေရပ်ကနေ ပြောင်းရွှေ့ဖို့ ကယားပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အချိန် ဆယ်ရက်အတွင်း တိုက်ပွဲလွတ်ကင်းနိုင်မဲ့နေရာတွေမှာ ကြိုတင်ရှောင်ထားဖို့နဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း ပြင်ဆင်ထားဖို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

တိုက်ပွဲတွေမှာ ကြားညပ်ပြီး ပြည်သူတွေထိခိုက်မှာကို စိုးရိမ်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ရဟတ်ယာဉ်နဲ့ နေ့တိုင်းလိုလို အင်အားတွေ ဖြည့်နေတာ။ စစ်ကြောင်းထိုးလာတာလည်း ရှိနိုင်တယ်။ ပြည်သူတွေကို ကြိုပြီး အသိပေးထားတဲ့သဘော ဖြစ်ပါတယ်”

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ၂၀၂၄ သန်းခေါင်စာရင်းမှာတော့ ဘောလခဲမြို့ပေါ်မှာ လူဦးရေ တစ်သောင်းကျော် နေထိုင်ပါတယ်။ ဒါ့အပြင် မြို့ခံတွေအနေနဲ့ စစ်ကောင်စီယန္တရားတွေမှာ မပါဝင်ဖို့နဲ့ သူတို့ရဲ့ တပ်စခန်းတွေအနီးမှာ မနေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတော့ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် စခန်းကုန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူပြီးနောက် မြို့နဲ့ မိုင် ၅၀ ကျော်ဝေးတဲ့ လွိုင်ကော်မြို့ကနေ လေကြောင်းအသုံးပြုပြီး စစ်အင်အားတွေ ဖြည့်တင်းနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိလာတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။