ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာ လိုအပ်နေ

RFA Burmese
2025.02.09
ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာ လိုအပ်နေ ရွှေကူမြို့တွင် ရောက်နေသည့် ဗန်းမော်စစ်ဘေးဒုက္ခသည် ပြည်သူများအား တွေ့ရစဥ်။
Facebook/ သုညသုခ ပရဟိတ လူငယ်အသင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွှေကူမြို့ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ဗန်းမော်မြို့အနောက်ဘက်မှာရှိတဲ့ ရွှေကူမြို့ပေါ်က ဘုန်းကြီးကျောင်း လေးကျောင်းမှာ ယာယီ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဗန်းမော်အခြေစိုက် သုညသုခ ပရဟိတလူငယ်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ဘေးဒုက္ခသည်တွေအားလုံး အခုအချိန်မှာ အလိုအပ်ဆုံးကတော့ လုံခြုံတဲ့နေရာပေါ့။ လက်ရှိ လိုအပ်နေတာကတော့ ဟင်းချက်စရာ စားသောက်စရာနဲ့ ဆေးဝါးပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာတဲ့သူ၊ အဝတ်တွေ စောင်တွေယူဖို့ အချိန်မရလိုက်တဲ့သူတွေအတွက်တော့ အဝတ်အထည်နဲ့ စောင်တွေ လိုအပ်တာပေါ့။ ကျားမအရေအတွက် ပြောနိုင်အောင် စာရင်းက အခုထိကောက်လို့ မပြီးသေးပေမဲ့ အမျိုးသမီး စစ်ဘေးဒုက္ခသည်ဦးရေက ပိုများပါတယ်”

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် အသက် ၁၉ နှစ်ကနေ ၆၀ အရွယ်ရှိတဲ့ ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ ပြည်သူ ခုနစ်ဦးကိုလည်း မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့က တပ်တွေကိုတော့ အခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ သိမ်းယူထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။