ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာက လင်မယားနှစ်ဦးဟာ ဇွန်လ ၁၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းက လယ်လုပ်နေစဉ် စစ်ပွဲလက်ကျန် ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့တာ ကြောင့် အပြင်းအထန်ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ဦးအေးစိန်ထွန်းနဲ့ ဇနီး ဒေါ်အေးစိန်နုတို့ဟာ ရွာရဲ့အနောက်ဘက် ကိုက် ၂၀၀ လောက်ဝေးတဲ့ လယ်ကွင်းမှာ လယ်လုပ်နေစဉ်မှာပဲ ပေါက်ကွဲခဲ့တာလို့ သာစည်ကုန်းကျေးရွာသားတစ်ဦး ဖြစ်တဲ့ ဦးမောင်ကျော်ဇံက ပြောပါတယ်။
“သူတို့နှစ်ယောက်က မနက်ကတည်းက လယ်လုပ်နေကြတာ။ အဲဒီမှာ လယ်ကွက်ကန် သင်းကို ပေါက်တူးနဲ့ ပေါက်လိုက်တဲ့အခါ မိုင်းကိုထိလို့ အဲဒီမိုင်းပေါက်ကွဲလို့ နှစ်ယောက် လုံးဒဏ်ရာရသွားတယ်။ ခန္ဓာကိုယ် ကုန်းပြီးတော့ လုပ်ရတာဆိုတော့လေ နှစ်ယောက်လုံး မျက်နှာမှာ ဒဏ်ရာရသွားတယ်”
ဒဏ်ရာပြင်းထန်တာကြောင့် သူတို့နှစ်ဦးစလုံးကို စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သူက ပြောပါ တယ်။
သာစည်ကုန်းကျေးရွာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် အခုပေါက်ကွဲတဲ့ ဗုံးသီးဟာ အဲဒီကာလက မပေါက်ကွဲသေးဘဲကျန်ရှိခဲ့တဲ့ ဗုံးသီးဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။
ကျေးရွာသားတွေကတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက ဒုက္ခသည်စခန်းတွေကို ထွက်ပြေးခိုလှုံခဲ့ ကြရပြီး စစ်ပွဲတွေ ရပ်တန့်ချိန် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလလောက်က သူတို့ရဲ့ကျေးရွာမှာ ပြန်လည်နေထိုင် နေကြတာပါ။
ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ကွင်းတွေထဲမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ရှိနေနိုင်သေးတာကြောင့် ရှင်းလင်းရေးလုပ်ပေးစေချင်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အခုလက်ရှိ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်က ကြီးမားနေဆဲဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းစစ်ဘေးဒုက္ခသည် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြောင့် တောထဲမှာ မျှစ်ခူးသွားစဉ် မိုင်းနင်းမိလို့ ဒုက္ခသည် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စစ်ရေးကာလအတွင်းကနေ အခုအချိန်ထိ အခုလိုမျိုး စစ်ကျန်လက်နက်နဲ့ မိုင်းပေါက်ကွဲမှုကြောင့် ၅၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၂၇ ဦး ရှိနေပါတယ်။