မြောက်ဥက္ကလာက လေတပ်ဗိုလ်မှူးကြီးအိမ်အနီး ဗုံးခွဲခံရ

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် (ဂ)ရပ်ကွက်၊ ဥက္ကာ (၅) လမ်းမှာရှိတဲ့ လေတပ် ဗိုလ်မှုးကြီး အောင်မျိုးကျော်ရဲ့ နေအိမ်အနီးမှာ ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့မနက် ၄ နာရီခွဲလောက်က ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး RFA ကို ပြောပါတယ်။

"ပစ်သွားတဲ့သူတွေက လေတပ်အိမ်နဲ့ တခြားအိမ် မှားပြီး ပစ်သွားကြတာ။ လေတပ် အိမ်မှာ ပေါက်တာမဟုတ်ဘူး။ သူ့အိမ်နဲ့ သုံးအိမ်ကျော်မှာ ပေါက်သွားတာ။ လေတပ် ဗိုလ်ကတော့ အိမ်မှာမနေတာကြာပါပြီ။ သူ့မိသားစုပဲ အိမ်မှာရှိတာ။ ကျမထင်တာ အသံဗုံးပစ်ပြီး ခြိမ်းခြောက်တဲ့ သဘောပဲလို့ထင်တယ်"

ပေါက်ကွဲမှုဖြစ်ပြီး တစ်နာရီခန့်အကြာမှာ ရပ်ကွက်ထဲကို စစ်ကောင်စီ တပ်သားတွေ ကားနဲ့ရောက်ရှိလာပြီး အနီးမှာရှိတဲ့ နေအိမ်တွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။

ဒီဖောက်ခွဲမှုဟာ ဘယ်သူ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းကပင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေအိမ်၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေနေရာမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့ ပစ်မှတ်ထား ဗုံးခွဲမှုတွေ ရှိနေတာပါ။

စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ရန်ကုန်မြို့က နေရာ ၁၃ ခုလောက်မှာ ဗုံးဖောက်ခွဲမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။