လှိုင်သာယာဗုံးကွဲမှု အမျိုးသမီးနဲ့ ကလေးအပါအဝင် သုံးဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: RFA)

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်မှာ ဒီနေ့ ဇွန်လ ၇ ရက် မနက်ပိုင်း က ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့မနက်စောစော ၆ နာရီလောက်က လှိုင်သာယာမြို့ အမှတ် (၅) ရပ်ကွက် နဝရတ် လမ်းထဲက အမှိုက်ပုံမှာ ပထမတစ်ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းမပေါ် သွားလာနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး အရင်ဆုံး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အဲဒီပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာကို ရဲနဲ့ စစ်သားတွေ လာရောက်စစ်ဆေးနေချိန် မနက် ၇ နာရီ လောက်မှာ ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တာကြောင့် အမှိုက်ပုံ အနီးနေထိုင်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ငါးနှစ်အထက် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လှိုင်သာယာမြို့ခံ ကိုလွင်ဦးက RFA ကို ပြောပါတယ်။

"ပထမတစ်ခါ ပေါက်တာက မနက် ၆ နာရီ၊ လမ်းလျှောက်နေတဲ့ ယောက်ျားလေးတစ်ဦး ဒဏ်ရာရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရောက်လာတဲ့အချိန် မနက် ၇ နာရီမှာ ထပ်ပေါက်တယ်။ အဲပေါက်ကွဲမှုနားမှာရှိတဲ့ အိမ်ထဲက အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ဗုံးစတွေ ထိသွားတယ်။ အမျိုးသမီးက ဒဏ်ရာရတာ အတော်ပြင်းတယ်။ ဘယ်ဘက်လက်မောင်းက အရေပြားတွေ ထိကုန်တယ်"

ဒဏ်ရာရတဲ့ ပြည်သူသုံးဦးကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ချက်ချင်းသယ်ယူသွားတာ တွေ့ရပေမယ့် ဘယ်ဆေးရုံကို ခေါ်ဆောင်သွားတယ်ဆိုတာ အတိအကျ မသိရဘူးလို့ သူက ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ရုတ်တရက်သယ်ယူချိန် အင်္ကျီအနီရောင်ဝတ်ထားတဲ့ အသက် ငါးနှစ် အထက် ကလေးငယ်ရဲ့ ဦးခေါင်းကိုသာ မြင်လိုက်ရပြီး ယောက်ျားလေးလား၊ မိန်းကလေး လားဆိုတာကို မခန့်နိုင်ဘူးလို့ ကိုလွင်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်ဟာ သားအမိလား၊ ဆွေမျိုးသားချင်း တစ်စုံတစ်ရာ တော်စပ်သလား ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ဒီဗုံးပေါက်ကွဲမှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာကို အခုလောလောဆယ် ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ နှစ်ကြိမ်တိတိ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် အနော်ရထာ လမ်းပေါ်က ဘားလမ်း မှတ်တိုင်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုမှာတော့ သေဆုံးသူကိုယ်တိုင် ဗုံးကို လျှို့ဝှက်ယူဆောင်လာသူဖြစ်ပြီး ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ရန်ကုန်မြို့ပြ PDF တပ်ဖွဲ့ဝင်တွေကတော့ ဒီပေါက် ကွဲမှုဟာ သူတို့လက်ချက် မဟုတ်ဘဲ သူတို့ကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့ ရည်ရွယ်ပြီး စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့တာလို့ ပြန်လည် စွပ်စွဲထားပါတယ်။