ကျောက်ကြီးမှာ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး

RFA Burmese
2024.07.10
ကျောက်ကြီးမှာ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြောင့် ထိခိုက်ပျက်စီးခဲ့သည်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က KNU မှ ထုတ်ပြန်ခဲ့စဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 Photo

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လေးအိမ်စုရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ - ၃၀၇) က ဒရုန်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၄၄ နှစ်အရွယ် ဒေါ်မိုဝါးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ရဲတို့ နှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ကနေ ကျောက်ကြီးမြို့နယ်ထဲက ရွာတွေကို ၁၂၀ မမ လက်နက်ကြီး ၁၉ လုံးအထိ ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ခမရ-၃၀၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ပေါက်ပင်ကုန်းရွာက ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ KNU ထုတ်ပြန်ချက်သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပြောဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် လူခြောက်သောင်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အများစုက ဒီနေ့နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။