စစ်ကိုင်းတိုင်း မုံရွာမြို့က တပ်မတော်ထောက်ခံပွဲကို အကြိုအပို့ပြုလုပ်ပေးတဲ့ ခရီးသည် တင် မှန်လုံကားတစ်စီး မိုင်းခွဲခံရလို့ ကားပေါ်ပါ လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနေ့က မုံရွာမြို့ အားကစားကွင်းထဲမှာ ကျင်းပတဲ့ တပ်မတော်ထောက် ခံပွဲ ကြိုပို့လုပ်ပေးနေတဲ့ ကားတစ်စီး မုံရွာ - ကျောက္ကာလမ်းမကြီးမှာ မိုင်းခွဲခံရတာလို့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မုံရွာအားကစားကွင်းထဲကို လူတွေ ကြိုပို့လုပ်ပေးနေတာ သူတို့က ပထမနှစ်ခေါက်မှာ ဘာမှမဖြစ် သေးဘူး။ တတိယတစ်ကြိမ် လူတွေ လာပို့တဲ့အချိန်မှာ ဖြစ်သွားတာ”
Monywa Ranger Group/Truth Army က သူတို့ လက်ချက်ဖြစ်ကြောင်း မုံရွာ - ကျောက္ကာ ကားလမ်းမကြီးကို အဲဒီကားဖြတ်သန်းလာချိန် ပေဒသာမိုင်းလေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကားပေါ်ပါ လူလေးဦး ဒဏ်ရာရခဲ့သလို ကားလည်းပျက်စီးခဲ့တယ်လို့ မနေ့က ထုတ်ပြန် ထားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တာ တစ်နှစ်ပြည်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနေ့က တစ်ပြည်လုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ်လုပ်တဲ့နေ့မှာ မုံရွာမြို့ပေါ်က အမှတ် (၂) ရဲစခန်း၊ မြဝတီဘဏ်ရှေ့ လုံခြုံရေးဂိတ် အပါအဝင် နေရာတချို့မှာလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း ဖေဖော်ဝါရီ ၁ ရက် မနေ့ကပဲ တပ်မတော် ထောက်ခံပွဲက လူအုပ်ထဲ ဗုံးကွဲခဲ့လို့ နှစ်ဦး သေဆုံးကာ လူနှစ်ဆယ်ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။