မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွားကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF က မိုင်းဆွဲ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF က ပြောပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အစပ် ယုန်တိုးတောင် အရှေ့ဘက်တောင်ကြောပေါ်ကို ဆိုင်ကယ်လေးစီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ခံက ပြောပါတယ်။
“တောင်ကြောဘက်တွေကို ကင်းပတ်လာတာ။ ကျနော်တို့က မိုင်းဆွဲတော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ သူတို့ စစ်ကူလာတဲ့အချိန်မှာ ကျနော်တို့က ပြန်ပြီးရှောင်ထွက်တာ ပေါ့။ အဲဒီမှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပစ်တယ်”
မနေ့က ပစ်ခတ်မှုတွေအပြီး ဒီနေ့မှာတော့ အဲဒီတောင်ကြောတွေပေါ်ကို စစ်ကောင်စီ တပ်သား အင်အား ၂၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း သူက ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြော ခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။
ဒီနေ့မနက်မှာလည်း နွားထိုးကြီးမြို့နယ်အရှေ့ဘက် ဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ ပေါက်ကွဲမှု တွေဖြစ်ခဲ့ပြီး မြို့ပေါ်မှာလည်း လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့နယ် ဂွေးပင်ရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာလည်း ဒီနေ့ မနက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။