နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ် (၃) ရဲစခန်း၊ တပ်ကုန်းမြို့မဈေးနဲ့ ပျဉ်းမနားမြို့က ရေနံသိုလှောင်ရုံတွေမှာ ဗုံးတွေဖောက်ခွဲခဲ့လို့ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပဖို့ လုံခြုံရေးတင်းကျပ်နေချိန် ဖေဖော်ဝါရီ ၁၁ ရက် မနေ့ည ကိုးနာရီမှာ အမှတ် (၃) ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ရဲနှစ်ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF တပ်ဖွဲ့က ဗိုလ်ငွေစိုးက RFA ကို ပြောပါတယ်။
"မင်းအောင်လှိုင်က ဗိုလ်ရှုခံလုပ်ပြီး တစ်ကမ္ဘာလုံးကို နိုင်ငံကအေးချမ်းပါတယ် ပြချင် တာပေါ့၊ ဒါကို ကျွန်တော်တို့ရတဲ့နည်းနဲ့ ဖောက်ခွဲရေးတွေ လုပ်ပစ်တာ၊ ရဲနှစ်ယောက် သေတယ်လို့ မြေပြင်သတင်းတွေအရ ပြန်ကြားတယ်"
နေပြည်တော်ဟာ စစ်ခေါင်းဆောင်တွေ အခြေစိုက်နေထိုင်တဲ့မြို့ဖြစ်ပြီး၊ လုံခြုံရေးပိုင်း လည်း တခြားမြို့တွေထက် ပိုမိုတင်းကျပ်ထားလို့ နောက်ပိုင်းစစ်ဆင်ရေးတွေကို သတိ ထားပြီး လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် ၁၁ နာရီခွဲအချိန်ကလည်း နေပြည်တော် ပျဉ်းမနားမြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး၊ မြဝတီဘဏ်နဲ့ ယောက်သွားအင်း အုပ်ချုပ်ရေးမှူး ရုံးတို့ကို နေပြည်တော် မြို့ပြ ပြောက်ကျားအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေ ပါတယ်။