သန်းခေါင်စာရင်းနဲ့ဆက်စပ်ပြီး ရန်ကုန်က ရပ်ကွက်အုပ်ချုပ်ရေးရုံးနှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

RFA Burmese
2024.10.01
သန်းခေါင်စာရင်းနဲ့ဆက်စပ်ပြီး ရန်ကုန်က ရပ်ကွက်အုပ်ချုပ်ရေးရုံးနှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေ စက်တင်ဘာလ ၃၀ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို MISSION K လို့ အမည်ပေးထားတဲ့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“စစ်ဆင်ရေးက စစ်တပ်ရဲ့ တရားမဝင်တဲ့ သန်းခေါင်စာရင်း ပြည်သူ့ဆီက ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်ကြတဲ့ အုပ်ချုပ်ရေးအပေါင်းအပါတွေကို ဦးတည်ထားပြီး လုပ်ဆောင်တာဖြစ်ပါတယ်”

တိုက်ခိုက်မှုကိုလည်း သန်းခေါင်စာရင်းကောက်ယူဖို့ အစည်းအဝေးလုပ်နေချိန် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးအဖွဲ့ဝင် ရှစ်ဦး၊ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးအဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူရေးမှာ ပူးပေါင်းပါဝင်သူတွေ ဆက်လက်မပူးပေါင်းကြဖို့လည်း MISSION K အဖွဲ့က ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ရန်ကုန်မြို့က စစ်ကောင်စီရဲ့ အမှတ် ၂ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ရပ်ကွက်ရုံးနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ခဲ့တယ်လို့ ရေသားဖော်ပြကြပါတယ်။

ရန်ကုန်မြို့ပြ ပြောက်ကြားတပ်ဖွဲ့ကတော့ အခုထိခိုက်သွားသူတွေဟာ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁ ရက် ဒီနေ့ကစလို့ စစ်ကောင်စီက နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေကတော့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။