မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ငါးနှစ်ပြည့် ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ ဗြိတိန်အစိုးရက စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ မြန်မာပြည်အခြေစိုက် စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူမှု ထပ်လုပ်လိုက်ပါတယ်။
ဒဏ်ခတ်အရေးယူခံရတဲ့ ကုမ္ပဏီတွေကတော့ Star Sapphire Group of Companies၊ International Gateways Group of Companies Limited (IGG) နဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီတို့ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်နဲ့ ဝင်ငွေရရှိမှုကို ကန့်သတ်ဖို့ ကြိုးပမ်းမှုအနေနဲ့ ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ အင်တာနက်စာမျက်နှာမှာ ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့ရဲ့ နိုင်ငံတကာတရားခုံရုံးအမှုမှာလည်း ဗြိတိန်အနေနဲ့ ကြားဝင်ဖို့ ရည်ရွယ်ချက်ကို အာရှဆိုင်ရာ ဗြိတိန်ဝန်ကြီး အမန်ဒါမယ်လင်က အတည်ပြုထားပါတယ်။ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုအရ နိုင်ငံတကာတရားခုံရုံးဟာ စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီစာချုပ်ပါ တာဝန်တွေကို ချိုးဖောက်မှုရှိ၊ မရှိ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ ကုလသမဂ္ဂအစီရင်ခံစာအရ ရိုဟင်ဂျာ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၇၄၀,၀၀ ဦး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
ဗြိတိန်အစိုးရဟာ ၂၀၁၇ ခုနှစ်က စတင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ပေါင် သန်း ၃၃၀ အထိ အကူအညီ ပေးအပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။