ဦးအောင်ဆန်းဦးတောင်းခံနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ် အမွေကိစ္စ သုံးလအတွင်းဆုံးဖြတ်နိုင်

2022.06.27
ဦးအောင်ဆန်းဦးတောင်းခံနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ် အမွေကိစ္စ သုံးလအတွင်းဆုံးဖြတ်နိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့တက္ကသိုလ်ရိပ်သာလမ်းနေအိမ် - ၂၈ အောက်တိုဘာ ၂ဝ၁ဝ။
AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား အငြင်းပွားနေတဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ခွဲဝေဖို့ အမွေမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ နောက်ဆုံးအထူးအယူခံကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားရုံးမှာ ဇွန်လ ၂၇ ရက် တနင်္လာနေ့က ကြားနာစစ်ဆေးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။  

မနေ့က ကြားနာစစ်ဆေးမှုမှာ နှစ်ဖက်ရှေ့နေတွေက နောက်ဆုံးလျှောက်လဲချက်ပေးခဲ့တာဖြစ်ပြီး၊ လာမယ့် သုံးလအတွင်း တရားရုံးချုပ်က အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးအေးလွင်က အေပီသတင်းဌာနကို ပြောကြားပါတယ်။ လျှောက်လဲချက် အသေးစိတ်ကို ပြောဆိုဖို့တော့ ငြင်းဆန်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဦးအောင်ဆန်းဦးက တက္ကသိုလ်ရိပ်သာလမ်းက မိသားစုပိုင် ၂ ဧက ကျယ်တဲ့ ခြံနဲ့ ကိုလိုနီပုံစံတည်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကို အမွေခွဲဝေပေးဖို့ ၂ဝဝဝ ပြည့်နှစ်ကတည်းက တရားရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။  

ဒီအမှုကို ၂ဝ၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ဒီအိမ်နဲ့ ခြံကို မောင်နှမ နှစ်ဦးအကြား ခွဲဝေပိုင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချပေးခဲ့ပေမယ့် ဦးအောင်ဆန်းဦးဘက်က ဒီအိမ်နဲ့ ခြံကို ရောင်းချပြီး သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ခွဲဝေယူဖို့ ဆုံးဖြတ်ပေးဖို့ ဆက်လက်ပြီး အယူခံဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအိမ်ဟာ ၁၉၄၇ ခုနှစ်မှာ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအိမ်မှာ ဆက်လက် နေထိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ NLD ပါတီက ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါး ကာလတစ်လျှောက်လုံး အဲဒီနေအိမ်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရရဲ့ အကန့်အသတ်တွေကြောင့် အဲဒီတက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံတံခါးဝကနေ နိုင်ငံရေးတရားဟောပြောခဲ့တဲ့အတွက် အဲဒီအိမ်ဟာ ပိုပြီး လူသိများ ထင်ရှားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာဧည့်သည်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီခြံနံပါတ် ၅၄ အိမ်နဲ့ ခြံဟာ အခုအချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၉ဝ လောက်အထိ တန်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်ကပြောပေမယ့် တကယ် ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးဘူးလို့ အေပီသတင်းက ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေရဲ့ပြောဆိုချက် သိရဖို့ လတ်တလောမှာတော့ အဆက်အသွယ် မရသေးဘူးလို့လည်း သတင်းမှာရေးထားပါတယ်။

မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးအောင်ဆန်းဦးရဲ့ တရားစွဲဆိုတာကို နောက်ကွယ်က ကူညီနေတယ်လို့လည်း ပြည်သူအများစုက ယုံကြည်နေကြတဲ့အကြောင်း အေပီသတင်းဌာနက ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။