ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နေရာကို ပြန်လည်ရုပ်သိမ်းဖို့ ကိုယ်တိုင်ပါဝင်ဦးဆောင်သင့်ကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က သြဂုတ်လ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ မြန်မာစစ်တပ်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ အကျိုးရလဒ် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း၊ ဒါဟာလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေမှာ ထင်သာမြင်သာတဲ့ ရလဒ်ရယ်လို့ မရရှိခဲ့တဲ့အတွက် အထူးအဆန်းတော့ မဟုတ်ဘူးလို့ Burma Campaign UK က ဆိုပါတယ်။
ဒါ့ပြင် ဒီခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာရောက်သွားနိုင်ကြောင်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် မစ္စ နိုလင်းဟေဇာက အရေးမစိုက်ဘဲ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံခဲ့တဲ့ ပုံတွေကိုလည်း စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခဲ့ကြပေမယ့် မစ္စ နိုလင်းဟေဇာ မပါဝင်ခဲ့ပါဘူး။
အဲဒီလို အဓိကမြန်မာ့နိုင်ငံရေးသမားတွေနဲ့ အလွတ်သဘောတွေ့ဆုံတာတွေအပေါ် မြန်မာစစ်ကောင်စီက အားနည်းချက်အဖြစ် ရှုမြင်ပြီး ဖမ်းဆီးနှိပ်စက်အကျဉ်းချတာတွေ တိုးမြှင့်လာခဲ့တယ်လို့လည်း Burma Campaign UK က ပြောဆိုပါတယ်။