ကုလညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် မြန်မာ လက်မှတ်ရေးထိုးတော့မည်

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် United Nations Convention Against Torture (UNCAT) အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းဝေး မှာ ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ညှင်းပမ်းနှိပ်စက်မှုု ကို ဆန့်ကျင်ရေးစာချုပ်ကို လေးစားလိုက်နာဖို့အတွက် ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတာကို သိရှိလိုကြောင်း ပွင့်ဖြူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုရဲ့ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးသန့်ကျော်က အခုလို ပြန်လည်ဖြေဆို ခဲ့တာပါ။

"ညှင်းပန်းနှိပ်စက်မှုနဲ့ အခြားသောလူမဆန်သည့် (သို့မဟုတ်) လူ့သိက္ခာညှိုးနွမ်းစေသည့်ပြုကျင့်မှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့အား ဆန့်ကျင်တဲ့စာချုပ်ကို ဆောလျှင်စွာပါဝင်ရေးရှေ့ရှုလျက် လေ့လာ သုံးသပ်အကောင်အထည်ဖော်မှုများကို ပြည်သူ့လွှတ်တော်နဲ့ အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနများက ဤစာချုပ်ပါဝင်ရေးအား ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းခြင်း၊ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းပြု ခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ယခု ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ပါဝင်ပြီးလက်မှတ်ရေးထိုးနိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး ညှိနှိုင်းမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ အစပိုင်းမှာပြုလုပ်မယ့် နိုင်ငံတကာစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ လွှတ်တော်မှာမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက မြန်မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့အကောင်ထည်ဖော်ချင်တယ်ဆိုရင် အဲဒီစာချုပ်မှာ မြန်မြန်လက်မှတ်ရေးထိုးနိုင် ဖို့ လိုအပ်တယ်လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
"လေ့လာသုံးသပ်နေပါတယ်တဲ့။ စာချုပ်တစ်ခုကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ လက်မှတ်ထိုးပြီးကာမှ မလေးစား၊ မလိုက်နာနိုင်ရင် သိက္ခာကျပါတယ်တဲ့။ အမျိုးသားစီးပွားရေးနဲ့ ကိုက်ညီ၊ မညီ စဉ်းစားရပါတယ်တဲ့။ ကျနော်ကတော့ တင်ပြခဲ့တာ အမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်တယ်လို့ မထင်ဘူး။ ဒီလိုစာချုပ်မျိုးတွေကို လက်မှတ်ထိုးမှ၊ တရားဥပဒေစိုးမိုးမှုရှိမှ၊ ကျနော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ လူရိုသေ ရှင်ရိုသေဘဝကိုရောက်မယ်။ ဒီလိုမျိုးစာချုပ်တွေကို လက်မှတ်ရေးထိုးရန်ပျက်ကွက်နေသ၍ တရားစီရင်မှုစံနစ်၊ တရားဥပဒေစိုးမိုးမှုစံနစ်ကို လုံးဝယုံကြည်ကြမှာ မဟုတ်ဘူး။ ခုထက်ထိအောင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့အတွက် ကျနော်တော့ အင်မတန်ဝမ်းနည်းပါတယ်"

UNCAT လို့ခေါ်တဲ့ ဒီစာချုပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၈၁ နိုင်ငံက လက်မှတ်ရေးထိုးထားတာပါ။ လက်မှတ်ထိုးတဲ့အဆင့်ဟာ လိုက်နာပါမယ်လို့သာ ပြောတဲ့အဆင့်ဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုရှိ မရှိဆိုတဲ့ အစီရင်ခံစာတင်တဲ့ အဆင့်ထိတောင် မရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ရောက်မှသာ နှစ်စဉ်အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၅၄ နိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့ဟာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ဗီယက်နမ်နဲ့ လာအိုနိုင်ငံကတော့ စာချုပ်လက်မှတ်ထိုးထားတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။