၂၀၂၁ ခုနှစ်အတွက် Burma Act ခေါ် မြန်မာဥပဒေကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထုတ်ပြန်ဖို့၊ ပြည်တွင်း ပြည်ပက မြန်မာအသိုင်းအဝန်း အခြေပြုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၄၂ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အဲဒီ ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့တာပါ။
မြန်မာနိုင်ငံတွင်းက အခုနေ့စဉ်လူမှုဘဝအခြေအနေတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့လက်ထဲမှာ တနေ့တခြား ပိုမိုဆိုးရွားလာနေပြီး မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဆောင်ရွက်မှုတွေ အဓိက လိုအပ်လာနေပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစလို့၊ သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၁၀၀ ကျော် ရှိခဲ့ရာမှာ ကလေးသူငယ် အနည်းဆုံး ၇၅ ယောက် ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ ၈၇၀၀ ကျော် ရှိခဲ့ပြီး အခုထိ ၇၁၀၀ ကျော် ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း၊ ဒါ့ပြင် ပြည်သူ နှစ်သိန်းနှစ်သောင်းကျော် နေရပြောင်းရွှေ့ခဲ့ကြရပြီး သုံးသန်းကျော် လူသား ချင်း စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း လည်းပြောပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အမျိုးသားထုတ်ကုန်တန်ဖိုး ၁၈ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိပြီး မနှစ်က စတင်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု ကပ်ရောဂါကြောင့်လည်း မြန်မာ့စီးပွားရေးဟာ မူလ မျှော်မှန်းထားတာထက် ၃၀ ရာနှုန်း ကျဆင်းသွားဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုပါတယ်။