လူ့အသက်တွေကို လေးစားကြဖို့ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးတွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း၊ လူ့အသက်တွေကို လေးစားကြဖို့ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးတွေက တိုက်တွန်းလိုက်ကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအပေါ် ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

အဲဒီလိုအခြေအနေမှာ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံ ရိုမန်ကက်သလစ်ညီလာခံကို ရန်ကုန်မြို့မှာ ဇွန်လ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကိစ္စက အဓိက အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ စစ်တပ အာဏာသိမ်းခဲ့ကတည်းက၊ အရပ်ဘက်ပြည်သူ ၁၉၀၀ ကျော် သေဆုံးခဲ့ရပြီး တစ်သောင်းတစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရ၊ ပြည်သူ ရှစ်သိန်းကျော် ပြည်တွင်းနေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။

ကယားနဲ့ချင်းပြည်နယ်တွေမှာလည်း ခရစ်ယာန်ဘုရားကျောင်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့အတွက် ခရစ်ယာန်တွေအပါအဝင် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြရကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန် ကက်သလစ်ဘုရားကျောင်းက ပြောပါတယ်။

အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် ဘာသာလူမျိုးမရွေး၊ ကူညီရေး အစီအစဉ်တွေကို ဒေသခံပြည်သူတွေနဲ့အတူ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။