နိုင်ငံတိုင်းမပါဝင်လို့ လက်နက်ပွဲစားတွေကို အရေးယူတာ မထိရောက်

မြန်မာစစ်တပ်ဟာ မြေပြင်ထိုးစစ်အတွက် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံက လက်နက်ခဲယမ်းမီးကျောက် လှိုင်လှိုင်သုံးပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ နှိမ်နင်းနေရုံမက လေကြောင်းတပ်ကူနဲ့ ချေမှုန်းတဲ့အခါ ပြည်တွင်းဖြစ်ပစ္စည်းသက်သက်နဲ့ မရတော့ဘဲ ပြည်ပက စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ လိုပါတယ်။

ဒီနေရာမှာ လက်နက်ပွဲစား သီးသန့်လူတန်းစား ပေါ်ပေါက်လာပြီး မြန်မာစစ်တပ်အတွက် ပြည်ပလက်နက်ပစ္စည်းနဲ့ နည်းပညာရရှိအောင် အကျိုးဆောင်ပေးပါတယ်။

နိုင်ငံတစ်နိုင်ငံ ကာကွယ်ရေးက အရေးကြီးပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူမှန်သမျှ စစ်ကောင်စီက နှိမ်နင်းနေတာမို့ အနောက်နိုင်ငံတွေက လက်နက်ပွဲစားကုမ္ပဏီတွေနဲ့ လက်နက်ပွဲစားတွေကို အရေးယူ ဒဏ်ခတ်ပါတယ်။

ဒီလ ၁၆ ရက်နေ့ကတင်ပဲ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းပေးပို့နေတဲ့ ရုရှားကုမ္ပဏီသုံးခုနဲ့ မြန်မာကုမ္ပဏီ သုံးခုကို ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဒီလိုအရေးယူတာ ထိရောက်နိုင်ပါသလား၊ ဂျာမနီနိုင်ငံရောက် မြန်မာ့အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်း က
"အကျိုးသက်ရောက်မှုကတော့ ကျနော်တို့လည်း နှစ်ပေါင်းများစွာ Sanction လုပ်နေတာဆိုတော့ ချက်ချင်း လက်ငင်း အကျိုးသက်ရောက်မှု မရှိဘူးလို့ ခံစားရတယ်ပေါ့နော်။ ပြဿနာက Sanction က နိုင်ငံပေါင်းစုံက ညီပြီး ချတာမျိုးမဟုတ်ဘူးလေ။ ဥပမာ-ရုရှားတို့၊ တရုတ်တို့လို အင်အားကြီးနိုင်ငံတွေက လွတ်ထွက်နေတော့ သူတို့နဲ့ အဆင်ပြေတဲ့ နိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်စားလို့ ရနေတာပေါ့နော်"

အနောက်နိုင်ငံတွေရဲ့ မဟာမိတ်ဖြစ်ပေမယ့် မြန်မာစစ်တပ်ကို အရေးယူ ပိတ်ဆို့ဒဏ်ခတ်မယ့် အလားအလာမရှိတဲ့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတစ်ယောက်တော့

“Sanction က ဟိုးအရင်ကတည်းကလုပ်နေတာ ခုထိမှ မအောင်မြင်တဲ့ကိစ္စ၊ ထိရောက်မယ် မထင်ပါဘူး။ နောက်ပြီး Sanction လည်း ဂရုမှမစိုက်တာ။ ဒါပေမဲ့ စိတ်ခွန်အားတော့ ရစေတာပေါ့”

တကယ့် မြေပြင်မှာ PDF တွေ အနေအထားက ဘယ်လိုရှိပါသလဲ။ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ရဲခေါင်က ပြောပြပါတယ်။

“မြေပြင်အနေအထားမှာတော့ ကျနော်တို့ ပြည်သူလူထုဘက်က PDF တွေက အားကောင်းတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ ဒေသကျွမ်းကျင်မှုရော အားသာတယ်ပေါ့နော်။ ပြည်သူလူထုက သူတို့ဘက်မှာ လုံးဝ မရှိဘူးဆိုတော့ မြေပြင်အနေအထားမှာ ကျနော်တို့ဘက်က သာတယ်။ သူတို့က လေကြောင်းပစ်ကူကိုပဲ အဓိက အသုံးပြုနေရတဲ့အပိုင်းမှာ ရှိတယ်။ စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာဆိုရင် သူတို့လေကြောင်း ပစ်ကူအနေနဲ့ စစ်သားတွေကို လာချသွားပြီးမှ အဓိကနေရာကို ပြန်တိုက်တယ်”

မြေပြင်မှာသုံးတဲ့ သမားရိုးကျလက်နက်တွေက ပြည်တွင်းကထုတ်လုပ်နိုင်ပေမယ့် စစ်ကောင်စီကို အကျိုးရှိစေတဲ့ လေကြောင်းပစ်ကူအတွက် ပြည်ပက စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေလိုအပ်တယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“သမားရိုးကျတွေက သူတို့စက်ရုံတွေက ထုတ်နိုင်တယ်။ အဓိက သူတို့လိုတာက လေတပ်မှာသုံးတဲ့ ပစ္စည်းတွေ နိုင်ငံခြားကမှာရတာ။ တိုက်လေယာဉ်တွေမှာ သုံးတာတွေကို နိုင်ငံခြားကမှာရတာ။ အဲ့ဒါတွေကို ကြိုတင်ပြီးလည်း သွင်းထားတယ်။ ခုလည်း သိသလောက်ဆို နေပြည်တော်မှာ လေယာဉ်တွေ ဆိုက်တာမျိုးတွေ၊ ရုရှားကုန်တင်သင်္ဘောတွေ လာတာမျိုးတွေ သိနေ ကြားနေရတော့ သူတို့ အဓိက လိုတာက အဲဒီလေတပ်အတွက်။ ပြည်တွင်းက မရနိုင်တာတွေ နိုင်ငံခြားကသွင်းနေတာပေါ့နော်”

ပြည်ပက ဝယ်ယူတင်သွင်းတဲ့ တိုက်လေယာဉ်တွေ တိုက်ရဟတ်ယာဉ်တွေမှာ သုံးရမယ့် စစ်လက်နက်ပစ္စည်းတွေ၊ အပိုပစ္စည်းတွေကို လက်နက်ပွဲစားကုမ္ပဏီတွေက စစ်ကောင်စီအတွက် ကြားက အကျိုးဆောင်ပေးတာပါ။

ဒါကြောင့် ထိရောက်သည်ဖြစ်စေ၊ မထိရောက်သည်ဖြစ်စေ မြန်မာလက်နက်ပွဲစားကုမ္ပဏီတွေဖြစ်တဲ့ Synpex Shwe, Myanmar New Era Trading နဲ့ Sky Aviator တို့ကို ဗြိတိန်က အရေးယူ ပိတ်ဆို့လိုက်တာပါ။

ဒီကုမ္ပဏီတွေနဲ့ ဆက်စပ်တဲ့ ရုရှား Ural Avia, Sins Avia Trading House နဲ့ JSC Gorizont ကုမ္ပဏီတွေကိုလည်း ဗြိတိန်က စီးပွားရေးအရ အရေးယူပိတ်ဆို့ ပါတယ်။

Myanmar New Era Trading ဟာ ရုရှားလုပ် Mi-17 စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေဝယ်ယူပေးပြီး Sky Aviator က စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရုရှားနဲ့ ယူကရိန်းက စစ်လက်နက်ပစ္စည်းတွေအတွက် ပွဲစားလုပ်ပေးပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ရဲခေါင် စောစောကပြောတဲ့ စစ်သားတွေကို ထိုးစစ်ဆင်မယ့်နေရာမှာ Mi-17 စစ်ရဟတ်ယာဉ်က ချထားပေးတာပါ။

Synpex Shwe ဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရုရှား Sins Avia Trading House ကနေ မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ် အပိုပစ္စည်းတွေ တင်သွင်းပေးပြီး စင်ကာပူမှာလည်း ရုံးရှိပါတယ်။