စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က အိမ်ခြေရွာကို ဩဂုတ်လ ၂၈ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားတာကြောင့် နေအိမ် ၁၂၀ ခန့် မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီဝန်းကျင်ခန့် စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ (၁၁၃) က စစ်ကြောင်းတစ်ခု အိမ်ခြေရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၈ နာရီလောက်က ဒီကောင်တွေ စရှို့တာ။ အခုလှမ်းမြင်နေရတယ်။ မီးတောက်တွေ မြင်နေရတယ်လေ။ အိမ် ၁၂၀ လောက် ပါသွားပြီဗျ"
အိမ်ခြေရွာဟာ နေအိမ် နှစ်ရာဝန်းကျင်ရှိပြီး လက်ရှိ တစ်ဝက်ကျော် မီးလောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ အိမ်ခြေရွာအပါအဝင် အနီးနားရွာတွေက ဒေသခံတစ်ထောင်ဝန်းကျင် ဘေး လွတ်ရာကို ထွက်ပြေး ပုန်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်သားတွေ ရွာတွေကို မီးဘယ်တော့မှ မရှို့ဘူးလို့ ပြီးခဲ့တဲ့လတွေက RFA ကမေးမြန်းချိန်မှာ ပြန်လည်ငြင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၁၃) ဟာ ကျွန်းလှ မြို့နယ်ထဲကို အင်အား ၁၅၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး စစ်ကြောင်းသုံးခုခွဲ လှုပ်ရှား နေတာလို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီကလည်း သစ်ဆင်ကုန်းရွာကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။