လောင်းလုံးမှာ ထားဝယ်သပိတ်ကော်မတီဝင်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရ
2024.07.23
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြင်ကျောင်းရွာမှာရှိတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဝင်တစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်ဟာ DDMSC မှာ Dawei LGBT community ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်နေသူ ရဲဘော် ဆူနာမီရဲ့ နေအိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ချိန် မီးရှို့ဖျက်ဆီးခံရတာလို့ DDMSC ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနှစ်ဆန်းပိုင်း စစ်ကြောင်းထိုးလာချိန်ကလည်း အခုကျွန်တော်တို့ ရဲဘော်အိမ်ကို ဝင်ရှာပြီး အိမ်ထဲရှိတဲ့ ပစ္စည်းတွေ ဖျက်စီးသွားတာတွေ ရှိတယ်။ အဲဒီမတိုင်ခင်ကလည်း အိမ်ထဲဝင်ရှာတယ်။ စစ်ကြောင်းထိုးတိုင်း အိမ်ထဲဝင်ရှာ ဖျက်စီးသွားပြီး ဒီတစ်ခေါက်တော့ သူတို့ တစ်ခါတည်း မီးရှို့ဖျက်စီးခဲ့တယ်။ DDMSC က အာဏာရှင်ကို ဆန့်ကျင်နေတာဆိုတော့ သူတို့ဘက်ကလည်း ရန်သူလို့ ယူဆတယ်။ အဲလို ယူဆရင်တောင်မှပဲ နေအိမ်တွေကို မီးရှို့တာက မဖြစ်သင့်ဘူး"
ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြင်ကျောင်းရွာခံ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သူက ပြောပါတယ်။
စစ်ကြောင်းထိုးချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာလမ်းဆုံမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီအနီးအနားက နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် အနီးအနားရွာတွေ ဖြစ်ကြတဲ့ ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ ကဒက်ကြီး၊ ဟင်းချိုတော၊ သပြေရှောင်စတဲ့ ရွာတွေမှာ နေထိုင်ကြသူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။