ယင်းမာပင်မြို့နယ် ကုန်းရွာတစ်ရွာလုံးနီးပါးမီးရှို့ခံရပြီး အရပ်သားသုံးဦး သတ်ဖြတ်ခံရ

2023.03.01
ယင်းမာပင်မြို့နယ် ကုန်းရွာတစ်ရွာလုံးနီးပါးမီးရှို့ခံရပြီး အရပ်သားသုံးဦး သတ်ဖြတ်ခံရ မီးရှို့ဖျက်ဆီးခံထားရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကုန်းရွာကို ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့သလို ရွာထဲမှာလည်း သတ်ဖြတ်ခံထားရတဲ့ အရပ်သား သုံးဦးရဲ့ ရုပ်အလောင်းတွေ ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ အမျိုးသားသုံးဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားအရွယ်တွေဖြစ်ပြီး နှစ်ဦးက ကုန်းရွာသားတွေ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ဘယ်ရွာသားဆိုတာ မသိရသေးဘူး လို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းက ကုန်းရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာတဲ့အတွက် ရွာကို ဝင်ပြီး မီးရှို့သွားတာ လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

"ရွာကတော့ တစ်ရွာလုံးနီးပါးလောက် ရှို့သွားတာဗျ။ အိမ်ခြေ ၇၀၀ လောက်နဲ့ အိမ်ထောင်စု ၁၄၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ မနေ့ညကတော့ တစ်ညလုံး ရှို့နေတာပဲ။ ဒီနေ့မနက်လည်း မလောင်သေးတဲ့အိမ်တွေ ထပ်ရှို့တယ်။ အိမ်ခြေအရေအတွက် အတိအကျ မသိရသေးပေမယ့် ကျန်တဲ့အိမ်ကတော့ ၃၀ လောက်ပဲရှိတော့တယ်။ မနေ့ကညက ရွာအဝင်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်လိုက်သေးတယ်"

ဒီနေ့မနက် ကုန်းရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကုန်းရွာနဲ့ ကပ်လျက် ရေအောင့်ရွာနားကို အရောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးဟတ်ယာဉ်နဲ့ လေကြောင်းကနေ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ စစ်ကြောင်းဝင်တဲ့ ရွာတွေသာမက အနီးနားမှာရှိတဲ့ စားတော်ပြင်၊ ဇီးတော၊ လက်လှုပ်၊ အုန်းတော၊ လာဘို့၊ ရင်ပေါင်တိုင်စတဲ့ ရွာတွေက ဒေသခံတစ်သောင်း လောက်လည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နေအိမ်တွေမီးရှို့ခံနေရတာဟာ PDF တွေရဲ့ လက်ချက်ဖြစ်ပြီး သူတို့အနေနဲ့ အရပ်သားတွေအပေါ် ဒုက္ခရောက်အောင် မလုပ်ဘူးလို့ အရင်ဖြေဆိုထားပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေထဲမှာ ယင်းမာပင်မြို့နယ် လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။