ကလေးမြို့နယ်မှာ ရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံရ

RFA Burmese
2024.08.20
ကလေးမြို့နယ်မှာ ရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရွာတွေကို ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရွာနှစ်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှားတောရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရှားတောရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး အဲဒီအနီးက သုံးအိမ်စုရွာက နေအိမ်တွေကိုပါ ထပ်မံမီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းထိုးတော့ ဒေသခံတွေအကုန်လုံး ပြေးတာပေါ့။ ကလေးတောင်ပိုင်းက ရွာပေါင်း ငါးရွာလောက်တော့ ရှိမယ်။ စစ်ကြောင်းထိုးတာ ဒီနေ့မနက်မှာ မီးရှို့တာ လှမ်းမြင်နေရတယ်။ နေအိမ်ဘယ်လောက် မီးထဲပါသွားပြီလဲတော့ မသိရနိုင်သေးဘူး။ လက်နက်ကြီးနဲ့လည်း မနေ့ညကတည်းက မြို့ပေါ်ကနေပစ်တာ"

ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းရွာဘက်မှာလည်း ဩဂုတ်လ ၂၀ ရက်နေ့ နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းဝင်လာတဲ့ အနီးတစ်၀ိုက်မှာရှိတဲ့ ဆယ်တော၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ မြောက်ဆုံ စတဲ့ ရွာငါးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းကိုတော့ ကလေး-PDF နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ ပါ၀င်တဲ့ ပူးပေါင်းတပ်တွေက ဟန့်တားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကလေးမြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲက အင်းတော်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။