စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာကို ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့သလို သက်ကြီးရွယ်အိုတစ်ဦး မီးထဲပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာချိန် ကျန်းမာရေးမကောင်းလို့ မရှောင်တိမ်းနိုင်တဲ့ အသက် ၆၀ ဝန်းကျင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး မီးထဲပါ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မနေ့က သုံးဆင့်ကန်ရွာမှာ ဝင်ရောက်တပ်စွဲပြီး ဒီနေ့မနက် စစ်ကြောင်းပြန်အထွက်မှာ နေအိမ်တွေကိုမီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က ညနေပိုင်းလောက် သုံးဆင့်ကန်ရွာမှာ ညအိပ်တာပေါ့။ ဒီနေ့မနက် ပြန်အထွက်ကျမှ အိမ်တွေကို မီးရှို့ သွားတာ။ လေဖြတ်နေတဲ့ အဘိုးကြီး တစ်ယောက် လည်း မီးထဲပါသွားတယ်"
သုံးဆင့်ကန်ရွာမှာ အိမ်ခြေ ၁၄၀ ဝန်းကျင်ရှိပြီး စစ်ကြောင်းပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ ဒီနေ့ နေ့လယ်ခင်းအချိန်ထိ ရွာထဲပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေက ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။