မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာက နေအိမ် ၁၄ လုံးနဲ့ ဆိုင်ကယ် ၁၀ စီးကို ဩဂုတ်လ ၂၇ ရက် မနေ့မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ထယ်လှော်ရွာသားတွေက ဒီကနေ့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ နေလယ်ပိုင်းက ထယ်လှော်ရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ထယ်လှော်ရွာထဲကို ဝင်ရောက် တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် နောက်တစ်နေ့ ဒီမနက်ပြန်မထွက်ခင်မှာ ရွာကို မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထယ်လှော်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်က ၁၄ လုံး မီးရှို့ခံရတယ်ဗျ။ ခြောက်နာရီကျော်ကျော်ကတည်းက စရှို့နေတာ။ နေအိမ်တွေအပြင် ကားတစ်စီး၊ နွားနှစ်ကောင်နဲ့ ဝက်တစ်ကောင်ပါ မီးရှို့ခံရတယ်။ အခုက စစ်သားတွေက မောက်ရွာမှာ ဝင်နေတယ်ဗျ"
အိမ်ခြေ ၂၉၈ လုံးနဲ့ လူဦးရေ ၁၂၀၈ ဦးရှိတဲ့ ထယ်လှော်ရွာက ဒေသခံအားလုံးဟာ လက်ရှိ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့မှာတော့ ထယ်လှော်ရွာအနားက မောက်ရွာကိုပါ ထပ်မံ ဝင်ရောက်မီးရှို့နေပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဟာ လမ်းကြောင်းတစ်လျှောက်က ရွာတိုင်း ဝင်ရောက်နေတာကြောင့် ထယ်လှော်၊ မောက်ရွာအပြင် အနီးအနားက တောင်ယာပြင်၊ မွေ့လယ်၊ နှမ်းခါး စတဲ့ရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ထယ်လှော်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်သားတွေရဲ့ အကြိမ်ကြိမ် ဝင်ရောက်မီးရှို့တာ ခံခဲ့ရတာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ၂၈၄၃၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ မကွေးတိုင်းက နေအိမ်အလုံးပေါင်း ၅၄၁၈ လုံးရှိပြီဖြစ်ပါတယ်။