ဘူးသီးတောင်က အာရ်ဗီတက္ကသိုလ်ကျောင်း မီးရှို့ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မီးကျောင်းခေါင်းဆွဲကျေးရွာအုပ်စုမှာရှိတဲ့ မဒါရာဆာရီယာ ဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ်ကျောင်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်း ၄ နာရီကျော်လောက်မှာ လူခြောက်ယောက်က လာရောက်မီးရှို့ခဲ့တာလို့ မီးကျောင်းခေါင်းဆွဲ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဟာဗီဇူရာမန်က ပြောပါတယ်။

"ဒေသခံတွေက ရှို့တာ ၊ မီးရှို့သူတွေထဲက တစ်ယောက်ကိုတော့ ဖမ်းမိထားပြီ ဒီမီးရှို့မှုမှာ စုစုပေါင်း ၆ ယောက်ပါတယ်တဲ့ ၊ ၆ ယောက်ထဲက တစ်ယောက်ကို ဖမ်းမိထားတာ"

ဒီမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ဒေသခံတချို့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဆယ်လောက်က ဓာတ်ဆီ တွေလောင်းပြီး မီးရှို့ခဲ့တာလို့ စွပ်စွဲပြောဆိုကြပေမယ့်လည်း RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်ရပ်ကို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ "အဲဒီဘက်မှာရှိတဲ့ အဆောက်အအုံတွေက အများအားဖြင့် သက်ကယ်မိုး၊ ကောက်ရိုးကာ ဖြစ်တာများပါတယ်။ အဲဒီဘက်မှာ နေခဲ့ဖူးသူတွေလည်း ရှိပါတယ်။ ပွင့်လင်းရာသီရောက်တိုင်းမှာ မီးဘေးအန္တရာယ်တော့ ကြုံတွေ့ရလေ့ ရှိပါတယ်။ မီးရှို့တာဆိုတဲ့ ဒီသတင်းက တိတိကျကျ မသိသေးပါဘူး။ မီးရှို့တာလို့လည်း ပြောရခက် ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ မီးလောင်ကျွမ်းခဲ့တဲ့ မဒါရာဆာရီယာဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ်ကျောင်းဟာ အုတ်နဲ့ တည်ဆောက် ထားတဲ့ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အကျယ်အဝန်းအနေနဲ့ ပေ ၁၂၀ ၊ ၂၂ ပေ ဝန်းကျင် ရှိတယ်လို့ ဒေသခံ က ပြောပါတယ်။

ဒီကျောင်းကို ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံရေးအခြေအနေတွေကြောင့် အခုလက်ရှိအချိန်အထိ ပိတ်ထားရ တာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

အာရ်ဗီတက္ကသိုလ်ဆိုတာဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးကျမ်းစာ၊ ဗဟုသုတ၊ ပညတ်ချက် စတဲ့ အရာတွေကို လေ့လာသင်ယူနိုင်တဲ့ ကျောင်းဖြစ်ပါတယ်။