အာဆီယံအထူးကိုယ်စားလှယ် အမြန်ဆုံး မြန်မာပြည်လာခွင့် တောင်းဆို

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့အထူးကိုယ်စားလှယ်ကိုလည်း အမြန်ဆုံး မြန်မာနိုင်ငံကို လာခွင့်ပေးဖို့ အရှေ့တောင်အာရှနိုင်ငံများ အသင်း အာဆီယံက မြန်မာစစ်ကောင်စီကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာပါ။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့အထူးကိုယ်စားလှယ် ဖြစ်လာတာကြောင့် သူ့ကို မြန်မာနိုင်ငံ အမြန်ဆုံး လာခွင့်ပေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ဖမ်းဆီးခံနေရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြေညာချက်ထဲမှာ မဖေါ်ပြထားပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေက ဆက်တိုက်ဖြစ်ပေါ်နေတာတွေကို အဆုံးသတ်ရေး အာဆီယံအသင်းက သံတမန်နည်းတွေနဲ့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ကောင်စီက အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ တက်တက်ကြွကြွ ရှိမနေတဲ့အပေါ် အာဆီယံအသင်းက စိတ်ပျက်နေတာပါ။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြောဆိုမှုတွေ ရှိခဲ့ပေမဲ့လည်း အာဆီယံရဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး သိသာတဲ့တိုးတက်မှုတွေ ရှိမလာဘဲ ဖြစ်နေတဲ့အချိန်မှာ အထူးကိုယ်စားလှယ်ကို အမြန်ဆုံး မြန်မာပြည်လာခွင့်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက် မနေ့က ထွက်ပေါ်လာတာပါ။