၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်မယ့်ကိစ္စကို ပြန်လည်စဉ်းစားပြီး သူတို့ကို လက်တွေ့ မကွပ်မျက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေတ္တာရပ်ခံ လိုက်ပါတယ်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို တကယ်လက်တွေ့ ကွပ်မျက်လိုက်မယ်ဆိုရင် အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်းအတွင်း စစ်ကောင်စီအပေါ် အင်မတန် ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို ကြုံရမှာဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးဆက်တွေ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ပြန်လည်စဉ်းစားစေလိုတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာပြည်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက သွားရောက်ခဲ့ပြီး မြန်မာပြည်ရဲ့ ပဋိပက္ခတွေမှာ ကူညီ ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အဲဒီခရီးစဉ်နဲ့ ပြီးခဲ့တဲ့ မတ်လက အထူးကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာက အကောင်အထည်ဖော်မှုမှာ မဆိုစလောက် တိုးတက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ အခု ဇွန်လကုန်ပိုင်းမှာ ဒုတိယအကြိမ် မြန်မာပြည်ကို သွားရောက်ဖို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဆီယံခေါင်းဆောင်တွေက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို သူတို့ရဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် မပေးခဲ့ပါဘူး။
မြန်မာပြည်မှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှု မရမချင်း စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။