ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ရာထူးက နုတ်ထွက်မည်
2023.07.26
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးကနေ နုတ်ထွက်ပြီး သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို အာဏာလွှဲပြောင်းပေးမယ်လို့ ဇူလိုင်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဟွန်ဆန်က “ကျွန်တော် ဝန်ကြီးချုပ်ဆက်မလုပ်တော့ပါဘူး ဒါကိုကြေညာတဲ့အတွက် ပြည်သူတွေ နားလည်ပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောကြားခဲ့တာပါ။
သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဟွန်မာနက်ဟာ လာမဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ်တာဝန် လွှဲပြောင်းရယူမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဝန်ကြီးချုပ်သစ်ကို ထောက်ခံပေးကြဖို့လည်း ဟွန်ဆန်က ပြောပါတယ်။
၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို အနှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး အာဏာရခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ဟွန်ဆန် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သူ့ကိုဆန့်ကျင်တဲ့ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာ၊ ပြိုင်ဘက်ပါတီတွေကို မတရားအသင်း ကြေညာတာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်ခဲ့ပါတယ်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ အကျင့်ပျက်ခြစားမှုအဆင့် ညွှန်းကိန်းတွေအရ ကမ္ဘောဒီးယားနိုင်ငံဟာ အဆင့် ၁၅၀ မှာရှိနေပြီး အာရှနိုင်ငံတွေထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားပြီးရင် အကျင့်ပျက်ခြစားမှုနှုန်း တတိယအများဆုံး ဖြစ်ပါတယ်။