စစ်ကောင်စီရဲ့ ကွပ်မျက်မိန့် ရှုတ်ချကြောင်း ကနေဒါသံရုံး ထုတ်ပြန်

သေဒဏ်အမိန့် ချခံထားရသူတွေကို ကွပ်မျက်စီရင်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ကို ကနေဒါနိုင်ငံက ပြင်းထန်စွာရှုတ်ချကြောင်း ဇွန်လ ၇ ရက် ဒီမနက်မှာပဲ ကနေဒါသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ ‘မြန်မာ စစ်အာဏာရှင် အဖွဲ့အစည်း’ ရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း၊ လူသား အားလုံးအတွက် ဘယ်အခြေအနေမှာပဲဖြစ်နေပါစေ သေဒဏ်ပေးမှုကို ကနေဒါနိုင်ငံက ဆန့်ကျင်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တောင်းဆိုတာတွေကို မြန်မာ စစ်တပ်က လျစ်လျူရှုနေတာတွေအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကနေဒါနိုင်ငံက အရေး ယူပိတ်ဆို့မှုအသစ်တွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရထားရသူပေါင်း ၂၀၉ ဦး ရှိနေပြီး အဲဒီထဲမှာ စစ်ကောင်စီကနေ ကွပ်မျက်မယ်လို့ အမိန့်ချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦး ပါဝင် နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဇွန် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ကွပ်မျက်ဖို့လုပ်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ် စတဲ့နိုင်ငံတွေကလည်း ကန့်ကွက်ရှုတ်ချထားပြီး ပြင်သစ်နိုင်ငံက ‘တရားမဝင် စစ်အစိုးရ’ လို့ စစ်ကောင်စီကို သုံးနှုန်းထားပါတယ်။

ဒီလို ရှုတ်ချမှုနဲ့ တရားမဝင် စစ်အစိုးရအဖြစ် သုံးနှုန်းတာကို စစ်ကောင်စီက ကန့်ကွက် ကြောင်း အဲဒီသံရုံးတွေကို ဇွန်လ ၆ ရက်မနေ့က စာပို့ကာ ပြန်လည်တုံ့ပြန်ခဲ့ပြီး အဲဒီ နောက်မှာပဲ ကနေဒါနိုင်ငံက ‘မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်း’ လို့ သုံးနှုန်းကာ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။