နိုင်ငံကူးလက်မှတ်လာလုပ်တဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြား

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တဲ့ ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် မထုတ်ပေးဖို့နဲ့ နိုင်ငံကူးလက်မှတ် လာလုပ်ရင်လည်း ဖမ်းဆီးထားဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူ ကိုကျော်ဝေဖြိုးက ဧပြီလ ၁၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ပြည်ပကိုထွက်ခွာမယ့် CDM ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရပြီးတဲ့နောက်မှာ CDM ဝန်ထမ်းတွေအပေါ် ထပ်မံတင်းကျပ်နိုင်ဖို့ စစ်ကောင်စီက အခုလို ညွှန်ကြားထားတာလို့ ကိုကျော်ဝေဖြိုးက ပြောပါတယ်။

“ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က လေဆိပ်မှာ CDM စာရင်းမှာပါတဲ့ နှစ်ယောက် ပတ်စပို့နဲ့ မိတယ်။ မိတဲ့အချိန် ပတ်စပို့က ဘယ်လိုရလာတာတုန်းဆိုတာကို သူတို့ပြန်လိုက်တယ်။ ဖမ်းတယ်ဆိုတာထက် CDM ဝန်ထမ်းတွေကို လေဆိပ်ထိ ရောက်မလာစေချင်တာ။ ပတ်စပို့ရုံးမှာတင် အပြီးရှင်း။ ဖမ်းရင်ဖမ်း၊ မဖမ်းရင်လည်း ပတ်စပို့ ထုတ်မပေးနဲ့ဆိုပြီး အဲလိုလုပ်ဖို့အတွက် သူတို့က ရည်ရွယ်ပြီး စာထုတ်တာ”

CDM ဝန်ထမ်းတွေဟာ ပြည်တွင်းနေထိုင်ရတာ လုံခြုံမှုမရှိတော့တာကြောင့် ပြည်ပကို တရားဝင်ရော၊ တရားမဝင်ပါ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြတာပါ။

ဒီလိုထွက်ခွာဖို့ကြိုးစားနေတဲ့ CDM ဝန်ထမ်းတွေကို အရင်ကတည်းက စစ်တပ်ကဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်က ကျွန်တော့်အသိတွေက နှစ်ယောက်လောက် ပါသွားတယ်။ CDM လုပ်တာ တစ်နှစ်ကျော်လာတဲ့အချိန် အလုပ်မရှိလို့ နိုင်ငံခြားထွက်ဖို့ ပတ်စပို့လုပ်တဲ့အခါ နောက်ဆုံး ပတ်စပို့စာအုပ် ထုတ်လို့ရပြီလို့ ခေါ်တဲ့အချိန် သွားယူတဲ့အခါမှာ အရပ်ဝတ်တွေနဲ့ ခဏလာခဲ့ပါဦးဆိုပြီး ခေါ်သွားတယ်။ သူတို့တွေ ဘယ်ရောက်နေလဲ မသိရဘူး။ သူတို့သတင်းတွေ အခုထိ မကြားရဘူး"

ဝန်ကြီးဌာနတွေအနေနဲ့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဧပြီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံစုဆောင်းပေးဖို့နဲ့ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားတဲ့အဆင့်မှာတင် ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီက မတ်လ ၃၀ ရက်စွဲနဲ့ လျှို့ဝှက်ညွှန်ကြားထားတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းမှုကို မလိုလားတဲ့ ဝန်ကြီးဌာနအသီးသီးက ဌာနဆိုင်ရာဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေအစိုးရ (NUG) ထံစာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိနေပါတယ်။