CDM ဝန်ထမ်းတွေကို အပြည့်အဝ မထောက်ပံ့နိုင်တဲ့အပေါ် နားလည်ပေးဖို့ NUG ပြော

RFA Burmese
2025.02.08
CDM ဝန်ထမ်းတွေကို အပြည့်အဝ မထောက်ပံ့နိုင်တဲ့အပေါ် နားလည်ပေးဖို့ NUG ပြော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပေးရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့စဉ်။
RFA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေအားလုံးကို အပြည့်အဝ မထောက်ပံ့နိုင်ခဲ့တဲ့အပေါ် နားလည်ပေးဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ လေးနှစ်ပြည့်အခမ်းအနားမှာ ယာယီသမ္မတက ပြောခဲ့တာပါ။

“အထူးသဖြင့် ခုခံတော်လှန်ရေးကိစ္စမှာ အရေးပေါ်ဦးစားပေးလုပ်ဆောင်ရတာတွေ ရှိပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူအားလုံးအပေါ်မှာ လိုလေသေးမရှိ အပြည့်အဝမကူညီနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ ဒါကြောင့် ဒီနေ့အခမ်းအနားကနေ ပြည်သူတစ်ရပ်လုံးကို မေတ္တာရပ်ခံလိုတာကတော့ CDM ဝန်ထမ်းတွေအပေါ် ကျွန်တော်တို့ဘက်က အပြည့်အဝမကူညီနိုင်ခဲ့တာတွေ ရှိခဲ့တယ်ဆိုရင် နားလည်ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်”

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေသလို လေးနှစ်တိုင် မလျှောတဲ့ဇွဲနဲ့ တိုက်ပွဲဝင်နေတဲ့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်းလည်း ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် လုံခြုံရေးကိစ္စ၊ အရေးပေါ်လိုအပ်ချက်နဲ့ တခြားအထောက်အပံ့တွေ ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့ပေမဲ့ အားလုံးမထောက်ပံ့နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

လက်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နိုင်ငံ့ဝန်ထမ်း လေးသိန်းကျော်ရှိ‌တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဲဒီအခမ်းအနားမှာ ပြောခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ တစ်သောင်းခွဲနီးပါး (၁၄,၇၆၀ ဦး) ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုသူတွေဟာ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေ ရှိသလို၊ အိမ်နီးချင်းနိုင်ငံ နယ်စပ်မြို့တွေဆီ ရှောင်တိမ်းခဲ့ကြသူတွေ၊ တတိယနိုင်ငံတချို့ဆီ ရွှေ့ပြောင်းခိုလှုံခဲ့ကြသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။