အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် နိုင်ငံတော်အဆင့် အကြီးအကဲ တွေရဲ့ ခရီးစဉ်တွေမှာ အနီးကပ်လုံခြုံရေး လိုက်ပါခဲ့သူ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဒုတပ်ကြပ် ဟန်လင်းမြင့် အမှုသုံးခုနဲ့ ထောင် ၂၆ နှစ် ချခံထားရတယ်လို့ သူနဲ့ နီးစပ်သူတွေက ဩဂုတ်လ ၂၃ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၁) နဲ့ ထောင်အနှစ် ၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်သုံးနှစ်၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်သုံးနှစ် စုစုပေါင်း ထောင် ၂၆ နှစ်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၊ သင်္ဃန်းကျွန်း မြို့နယ်တရားရုံးနဲ့ ရဲတရားရုံးတွေက ပြီးခဲ့တဲ့ မေလအတွင်းမှာ အသီးသီး ချမှတ်ခဲ့တာပါ။
အဲဒီအမှုတွေထဲက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၁) နဲ့ ချလိုက်တဲ့ ထောင်အနှစ် ၂၀ အတွက် တိုင်းအဆင့်တရားရုံးကို အယူခံဝင်ခဲ့ပေမယ့် ရန်ကုန်တိုင်း တရားလွှတ်တော်က ဩဂုတ်လ ၁၇ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလကုန် ကတည်းက ရန်ကုန်မြို့မှာပဲ အဖမ်းခံလိုက်ရတာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရဲဒုတပ်ကြပ် ဟန်လင်းမြင့်ဟာ လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေလည်း ကြားရကြောင်း နီးစပ်သူက ပြောပါတယ်။
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း CDM မှာ ပါ၀င်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် သုံးထောင်နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေအစိုးရ (NUG) က ပြီးခဲ့တဲ့ ဧပြီလမှာ ထုတ်ပြန်ပါတယ်။