မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဝန်ထမ်း ငါးဦး ဩဂုတ်လ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရကြောင်း အဲဒီနေ့မှာပဲ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ပါတယ်။
အဖမ်းခံရသူတွေဟာ ဆရာ၊ ဆရာမတွေ မဟုတ်ဘဲ တက္ကသိုလ်မှာ အလုပ်လုပ်နေတဲ့ အမှုထမ်းတွေဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်မြတ်အောင် က RFA ကို ပြောပါတယ်။
“ဝန်ထမ်းငါးဦး အဖမ်းခံထားရတာက CDM တွေ ဟုတ်ပါတယ်။ စစ်ကောင်စီခန့်ထားတဲ့ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာနဲ့ စီမံဘဏ္ဍာဌာနမှူး ဒေါ်ကြည်ကြည်မွန် တို့ ပူးပေါင်းကြံစည်တယ်လို့ သိရပါတယ်။ အခု သိထားရသလောက်တော့ အမှုထမ်းတွေ ဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့သူတွေကိုတော့ လုံခြုံရေးအရတော့ ထုတ်ဖော်ပြောထားတာ မရှိပါဘူး”
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံကလည်း အဖမ်းခံရတဲ့ ဝန်ထမ်းတွေဟာ ငွေစာရင်းဌာနနဲ့ ဘွဲ့ပေးအပ်ရေးဌာနကဖြစ်ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးလို့ ပြောပါတယ်။ သူတို့ရဲ့ အမည်နဲ့ အသက်အရွယ်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။
လောလောဆယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံထားရပြီး ကျန် သုံးဦးရဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ထပ်မံရရှိတဲ့ သတင်းတွေအရ ဩဂုတ် ၂၁ ရက်နေ့မှာ ရတနာပုံတက္ကသိုလ်က နောက်ထပ် CDM ဝန်ထမ်း နှစ်ဦး ထပ်အဖမ်းခံရပြီး အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ ဟာ မန္တလေးတိုင်း စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး CDM ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးလေ့ ရှိတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာရဲ့ တုံ့ပြန်ချက်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် မေးမြန်းနိုင်ခြင်း မရှိပါဘူး။
မန္တလေးတိုင်း စစ်ကောင်စီကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထိ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော်အတွင်း CDM ဝန်ထမ်းတွေအပါအဝင် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂,၁၀၉ ဦး ရှိပြီး အဲဒီအထဲက ၁၃၉၇ ဦး ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။