သန်းခေါင်စာရင်း ဖြည့်လျှင် မျိုးနွယ်စုကို မေးမည်


2014.03.24
parliment-305 လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA/Win Naung Toe & Myint Oo

ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ကချင် လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲ ဆိုတဲ့မေးခွန်း ကိုလည်း မေးမြန်းမှာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြား ခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် မေးခွန်းပုံစံမှာ ကချင်မျိုးနွယ်စုတွေရဲ့ ဘုံနာမည်ဖြစ်တဲ့ "ကချင်" ကို မျိုးနွယ်စု စာရင်းမှာ ကုတ်နံပါတ် "၁၀၁"လို့ ထည့်သွင်းထားတဲ့အပေါ် နောက်ထပ် မျိုးနွယ်စုမေးခွန်းကို မေးမြန်းဖို့ ရှိမရှိ ဒေါ်ဒွဲဘူက မေးမြန်းခဲ့တာပါ။

ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ကချင်လို့ဖြေဆိုသူတွေကို မျိုးနွယ်စုမေးခွန်း ဆက်လက် မေးမြန်းမှာ ဖြစ်တယ်လို့ အခုလို ဖြေပါတယ်။

" မည်သို့ပင် ဖြစ်စေကာမူ ဖြေကြားသူက ကချင်လူမျိုးလို့ ဖြေကြားပါက စာရင်းကောက်များက ကချင်လူမျိုးတွင် မည်သည့် မျိုးနွယ်စု ဖြစ်ပါသလည်းဟု ထပ်မံ မေမြန်းပေးပါမည် ပြည်သူ့ဆန္ဒနဲ့ အညီလည်း လိုက်နာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံ ရှင်းလင်းဖြေကြားအပ်ပါတယ်"

လက်ရှိ ၂၀၁၄ သန်းခေါင်စာရင်းပုံစံဟာ ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအပေါ် အခြေခံပြီး တိုင်းရင်းသား ၁၃၅ မျိုးကို အတည်ပြုထားတာဖြစ်ကြောင်းနဲ့ ကုတ်နံပါတ်မရှိသေးတဲ့ တိုင်းရင်းသားတွေကို 'အခြား' ဆိုတဲ့နေရာမှာ ထည့်သွင်းစေတာလို့  ဒုတိယဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။