မြန်မာနိုင်ငံမှာ တရုတ်ငွေကြေး ယွမ်နဲ့ ဂျပန်ယန်းတို့ကို ဝယ်ယူရောင်းချခွင့်ပြုတယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တို့ဘာလ ၁၂ ရက် မနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အရင်က အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူ ဒေါ်လာ၊ မလေးရှား ရင်းဂစ်နဲ့ ထိုင်းဘတ် ၅ မျိုးတို့ကိုသာ ရောင်းဝယ်ခွင့်ပြုထားတာဖြစ်ပြီး တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ထပ်တိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အဓိကသုံးနေတဲ့ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတာနဲ့ ဒေါ်လာဈေး မြင့်တက်တာတွေကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်က အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာဈေးဟာ စက်တင်ဘာလထဲမှာ ပြင်ပပေါက်ဈေး ၂၇၀၀ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ပြီးနောက် စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းတာနဲ့ ပြည်ပပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို တစ်လအတွင်း ပြန်ရောင်းဖို့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ချက်ထုတ်ပြီးနောက် ငွေကြေးရောင်းဝယ်ခွင့်ရထားတဲ့ လုပ်ငန်းတွေမှာ အောက်တိုဘာ လ ၁၃ ရက် ဒီနေ့ တရုတ်ယွမ် တစ်ယွမ်ကို မြန်မာငွေ ၂၅၀ ကနေ ၃၀၀ ကျပ်ဝန်းကျင်နဲ့ ဂျပန်တစ်ယန်းကို ၁၄ ကျပ် ကနေ ၁၈ ကျပ်ဝန်းကျင် ဈေးနှုန်းရှိနေပါတယ်။