မိုဘိုင်း ငွေသွင်းထုတ် လုပ်သူတွေကို ဓာတ်ပုံရိုက်ထားဖို့ ဗဟိုဘဏ်ညွှန်ကြား

2022.08.17
မိုဘိုင်း ငွေသွင်းထုတ် လုပ်သူတွေကို ဓာတ်ပုံရိုက်ထားဖို့ ဗဟိုဘဏ်ညွှန်ကြား ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် wave money ဖြင့် ငွေလွှဲနိုင်ကြောင်းပြသထားသည့် ဆိုင်းဘုတ်ချိတ်ထားသည်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: YE AUNG THU / AFP

လူအများသုံးစွဲနေကြတဲ့ Kpay နဲ့ Wave Money မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ် (Agent) ဆိုင်တွေအနေနဲ့ လျှို့ဝှက်ကင်မရာ (CCTV) တပ်ဖို့နဲ့ ငွေသွင်း၊ ငွေထုတ် လာလုပ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။

ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးမထောက်ပံ့နိုင်ဖို့ဆိုပြီး အချက် (၁၀) ချက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လာတာပါ။

မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေသွင်းနဲ့ ငွေထုတ်သူ ရဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်း စတဲ့ အချက်အလက်တွေကို အပြည့်အစုံ ရယူထားရမယ် လို့လည်း ဆိုပါတယ်။

ဒီလို လုပ်ဆောင်လာဖို့ ရှိတာကြောင့် မဆိုင်တဲ့လူတွေ အဖမ်းခံလာရနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒါမျိုးလုပ်တာကတော့ မကောင်းဘူး။ ကိုယ့်ငွေ ကိုယ်ထုတ်တာ၊ ကိုယ့်ငွေ ကိုယ်လွှဲတာ ဘာကိစ္စနဲ့ ဓာတ်ပုံက အရိုက်ခံရမှာလဲ။ ထင်တာကတော့ PDF တွေကို ထောက်ပံ့တာကို စစ်ဆေးချင်တဲ့ သဘောရှိတယ်။ ဆိုင်တွေကလည်း အဲလိုဓာတ်ပုံတွေရိုက်ရင် မဆိုင်တဲ့ သူတွေကို ဖမ်းဆီးတာတွေ ဖြစ်လာနိုင်တယ်။ ဒါက စိစစ်တဲ့ အလုပ်မဟုတ်ဘဲ ပြည်သူ အချင်းချင်း ရန်တိုက်ပြီး ပြဿနာဖြစ်လာအောင် ဖန်တီးတာမျိုး ဖြစ်နေတယ်"

ဒါ့အပြင် ကိုယ်စားလှယ်နဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု အဆင့်သုံး (Level 3) အကောင့် အသုံးပြုသူတွေအနေနဲ့ အမှန်တကယ် နေထိုင်ကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ လိုအပ်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

မိုဘိုင်းငွေကြေးစာရင်း အသစ်ဖွင့်မယ့်သူတွေကိုလည်း အမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ ရှေ့နောက် ပုံ၊ ဖုန်းနံပါတ်နဲ့ ဓာတ်ပုံတွေ ပြည့်စုံမှသာ ဖွင့်လှစ်ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။