စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ ၅ ခု ဒေါ်လာ သန်း ၁၀၀ နီးပါး ဗဟိုဘဏ်မှာ ရှင်းဖို့ရန်ကျန်

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ရငွေ ရှင်းလင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေထဲမှာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၅ ခုပါဝင်နေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၉ သန်းကျော် ရှင်းလင်းဖို့ ကျန်ရှိနေတာကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

ဒီထဲမှာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ MYANMAR WANBAO MINING COPPER LTD၊ စစ်တပ်ပိုင် TRISTAR TYRE MANUFACTURING COMPANY LIMITED၊ MYAWADDY TRADING LTD၊ နိုင်ငံပိုင်တွေဖြစ်တဲ့ MYANMA POST & TELECOMMUNICATIONS နဲ့ MYANMA PHARMACEUTICAL INDUSTRIES တို့ ပါဝင်နေပါတယ်။

ပို့ကုန်ရငွေတွေကို ရှင်းလင်းဖို့ ကျန်ရှိနေတာဟာ ကြားထဲက ကုမ္ပဏီခွဲမှာ လက်ခံထားတာ၊ ဒါမှမဟုတ် ဘဏ်မှာ စာရင်းကျန်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ၂၀၁၈ ခုနှစ်မှာ ရှင်းလင်းဖို့ ကျန်ရှိခဲ့ဖူးတဲ့ လုပ်ငန်းရှင်တစ်ယောက်က RFA ကို ပြောပြပါတယ်။

"Export ပေါ့နော် ပစ္စည်းတွေရောင်းချပြီးရင် ပြည်ပကနေ ငွေပေးချေတဲ့ဟာ ဝင်ရတာပေါ့နော်။ လက်ရှိအနေအထားအရဆိုရင် ၄ လအတွင်းကို ငွေပြန်ဝင်ရတာပေါ့နော်။ တချို့ကုမ္ပဏီတွေက တိုက်ရိုက်မဝင်ဘဲ စင်္ကာပူတို့ဘာတို့မှာ ကုမ္ပဏီခွဲရှိပြီး အဲဒီမှာ လက်ခံလိုက်တယ်၊ ပြန်သုံးလိုက်တယ်၊ ဒါမှမဟုတ် ရောင်းလိုက်တယ်။ တချို့ကျတော့လည်း ကြွေးကျန်မဟုတ်ဘူး။ ဘဏ်တွေကနေ တင်ပြတဲ့အခါမှာ စာရင်းကျန်ခဲ့တာပေါ့နော်"

ဒီလိုမရှင်းလင်းတဲ့အခါ ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းပြီး အရေးယူသွားမှာဖြစ်ပြီး ပြန်ရှင်းလင်းပြီးမှ စာရင်းကနေ ပယ်ဖျက်ပေးတာမျိုး ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီကုမ္ပဏီတွေထဲက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အမေရိကန်ရဲ့ ပိတ်ဆို့မှုခံခဲ့ရသလို စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ တရုတ် ကြေးနီတူးဖော်ရေး ကုမ္ပဏီ MYANMAR WANBAO MINING COPPER LTD ဟာ ပို့ကုန်ရငွေ ရှင်းလင်းဖို့ ကျန်ငွေ ကန်ဒေါ်လာ ၁၀၃ သန်းကျော် (၁၀၃ ၃၈၈ ၇၉၈ ဒဿမ ၆၇ ဒေါ်လာ) အထိ ရှိနေတာကို တွေ့ရပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) ပိုင် ကုမ္ပဏီလို့ ဖော်ပြထားတဲ့ MYAWADDY TRADING LTD ဟာလည်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၈ သန်းကျော် (၄၈၁၄၁၆၅ ဒဿမ ၂၂ ဒေါ်လာ) ရှင်းလင်းဖို့ ကျန်ရှိနေပါတယ်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က တာယာထုတ်လုပ်တဲ့ TRISTAR TYRE MANUFACTURING COMPANY LIMITED ဟာလည်း ပို့ကုန်ရငွေဖြစ်တဲ့ ဒေါ်လာ ရှစ်သိန်းကျော် (၈၄၇ ၂၈၀ ဒေါ်လာ) ကို ရှင်းလင်းဖို့ ကျန်ရှိနေတယ်လို့ ဗဟိုဘဏ်ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီ လက်အောက်က နိုင်ငံပိုင် လုပ်ငန်းတွေဖြစ်တဲ့ M.P.T က ပို့ကုန်ရငွေ တစ်သိန်းကျော် (၁၁၆ ၈၅၇ ဒဿမ ၀၄ ဒေါ်လာ) ၊ MYANMA PHARMACEUTICAL INDUSTRIES က ပို့ကုန်ရငွေ ဒေါ်လာ နှစ်သောင်းကိုးထောင်ကျော် (၂၉ ၇၉၀ ဒေါ်လာ) တို့ကို ရှင်းလင်းဖို့ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ကတော့ ဒီလို ပို့ကုန်ရငွေရှင်းဖို့ ကျန်နေတဲ့ ကုမ္ပဏီပေါင်း ၆၆၃ ခု၊ ကန်ဒေါ်လာ သန်း ၅၇၀ ကျော် ရှိနေတယ်လို့ ထုတ်ပြန်ထားပြီး ဒီကုမ္ပဏီတွေအနေနဲ့ ရက် ၃၀ အတွင်း မရှင်းလင်းဘူးဆိုရင် ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

ပို့ကုန်ရငွေ ရှင်းလင်းဖို့ ကျန်နေတဲ့ တခြားကုမ္ပဏီတွေထဲမှာ Telenor မြန်မာ၊ Metro Whole Sale နဲ့ UNICEF တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။