ချောင်းဆုံ NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ

2021.11.13
ချောင်းဆုံ NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးဖောက်ခွဲဖျက်ဆီးခံရထားတာကို ၂၀၂၁ နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးကို နိုဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့ည ၁၂ နာရီကျော်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ အားလုံးနီးပါး ပြိုကျခဲ့ရသလို ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေကိုပါ ထိခိုက်မှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖောက်ခွဲခံလိုက်ရတဲ့ ချောင်းဆုံမြို့နယ် NLD ပါတီရုံးဟာ မြို့နယ်ရဲစခန်းအနီးမှာ တည်ရှိပြီး အခု ဖောက်ခွဲမှု ဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့မှာ အရင်ရုံးအဟောင်းကနေ အခုဖောက်ခွဲခံလိုက်ရတဲ့ ရုံးနေရာကို ပြောင်းရွေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း ဘီးလင်းမြို့ ဆရာစံရပ်ကွက်က NLD ရုံး၊ သထုံမြို့ လိပ်အင်း ရပ်ကွက်က NLD ရုံး၊ ကျိုက်ထိုမြို့ ကောစံနိုင်ရပ်ကွက် NLD ရုံးတို့ဟာလည်း ဖောက်ခွဲခံခဲ့ရပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း မော်လမြိုင်မြို့ ကမ်းနားလမ်းက NLD မြို့နယ်ရုံးဟာ ဖောက်ခွဲခံခဲ့ရ တယ်လို့ NLD က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ NLD ပါတီရုံးတွေ ဖောက်ခွဲတိုက်ခိုက်ခံရတာ၊ ဖျက်ဆီးခံရတာ၊ ဝင်စီးခံရတာ တွေဟာ အခုတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်း အနည်းဆုံး ၄၅ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။